တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

တစ်စုတစ်ဖွဲ့၏အာဏာတည်မြဲရေးအတွက် နိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အသုံးမချသင့်ဟု ANP ဥက္ကဋ္ဌဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.4k

နိရဉ္စရာ၊ ဇွန် ၁၇/ ၂၀၂၂
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်စုတစ်ဖွဲ့၏ အာဏာတည်မြဲရေး အတွက် အသုံးမချသင့်ဟု ရခိုင်အမျိုးသားပါတီ( ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောဆိုလိုက်သည်။
မြန်မာစစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ဖိတ်ခေါ်ပြီး လက်ရှိ ပြုလုပ်နေသည့် ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး Narinjara သတင်းဌာနက ANP ဥက္ကဋ္ဌ ဦးသာထွန်းလှကို ဆက်သွယ်မေးမြန်းစဉ် သူ့အမြင်ကို ထိုသို့ ပြောကြားသွားခဲ့ခြင်းဖြစ်သည်။
ဦးသာထွန်းလှက “မြန်မာနိုင်ငံမှာ တက်လာတဲ့အစိုးရတိုင်းက ငြိမ်းချမ်းရေးကို ပုံစံတမျိုးမျိုးနဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ အခင်းအကျင်းရှိနေခဲ့ကြတယ်။ တခါမှ ပြီးပြည့်စုံတဲ့နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့တယ်လို့ မမြင်တွေ့ ခဲ့ဘူး။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံကို ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့မူအပါ်မှာ ရိုးရိုးသားသားနဲ့ လုပ်ဖို့လိုတယ်။ အဖွဲ့စည်း တစ်ခုက အာဏာတည်မြဲရေးအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသုံးချနေတဲ့ ပုံစံမျိုးဆိုရင် အခုလို တွေ့ဆုံဆွေးနွေးပွဲတွေက ခရီးရောက်မှာမဟုတ်ဘူး” ဟု ပြောသည်။
စစ်ကောင်စီမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို လွန်ခဲ့သည့် ဧပြီလကဖိတ်ခေါ်ခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီနှင့် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက် နေကြသည့် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မပါဝင်သဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အနှစ်သာရ ကင်းမဲ့နေသလို ပြည်သူအများဟု၏ ယုံကြည်မှုကိုလည်း မရရှိဘဲဖြစ်နေသည်။
သို့အတွက် စစ်ကောင်စီဥက္ကဋ္ဌက ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ကြရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဇွန် ၁၄ ရက်နေ့က ထပ်မံ ဖိတ်ခေါ်ခဲ့သည်။
“ အခု ပထမအကြိမ်ပေါ့လေ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ပေမယ့် KNU တို့လို၊ KIO တို့လို အင်အားကြီးလက်နက်ကိုင်အဖွဲ့တွေ၊ ဒီဘက်ကဆိုရင် ULA/ AA တို့လို အင်အားကြီးအဖွဲ့တွေ တက်ရောက် ဆွေးနွေးတာ မတွေ့ရဘူး။ ဒါကြောင့် သူတို့ ဘက်က နောက်တစ်ကြိမ် ထပ်ပြီး ကမ်းလှမ်းတာလို့မြင်တယ်။ သူတို့ ပမထအကြိမ်ခေါ်ကြည့်တယ်။ ဒါပေမဲ့ သူတို့နဲ့တကယ့်ကို နဖူးတွေ့ ဒူးတွေ့ တွေ့ရမဲ့ အင်အားကြီး အဖွဲ့အစည်းတွေ ပါမလာတော့ သူတို့လုပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက အောင်မြင်တယ်လို့ ပြောမရဘူး။ ဒါကြောင့် နောက်ထပ် ကြိုးစားကြည့်တယ်လို့ဘဲ သတ်မှတ်လိုတယ်” ဟုဆိုသည်။
စစ်ကောင်စီ၏ ဒုတိယအကြိမ် ဖိတ်ခေါ်မှုကို တက်ရောက်ဆွေးနွေးမည့် အဖွဲ့အစည်းများအနေနှင့် ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်စား အဆုံးဖြတ်ပေးနိုင်သည့် ခေါင်းဆောင်နှင့် အဖွဲ့ဝင်နှစ်ဦးစာရင်းကို ဇွန်လ ၃၀ ရက်နေ့ကို နောက်ဆုံးထား စာရင်းပေးသွင်းရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ