တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်တွေရှိ ရပ်ကွက်အချို့ ရေစီးရေလာစနစ်မကောင်း၍ မိုးအနည်းငယ်ရွာသည်နှင့်ရေနစ်မြုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.5k

နိရဥ္စရာ၊ ၁၇/၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်ကွက်အချို့တွင် ရေစီးရေလာစနစ်မကောင်း၍ မိုးအနည်းငယ်ရွာသည်နှင့် ရေနစ်မြုပ်နေပြီဟု ရပ်ကွက်သူ၊ ရပ်ကွက်သားများက ပြောသည်။
ရေနစ်မြုပ်နေသည့်ရပ်ကွက်များမှာ စစ်တွေမြို့ မြို့လယ်တံတား(ဘီလူးမတံတား)အနီး မိဇံရပ်ကွက်၊ တရားသီးစုရပ်ကွက်၊ မြို့သူကြီးရပ်ကွက်နှင့် ရွှေပြားရပ်ကွက်များဖြစ်သည်။
ယင်းရပ်ကွက်များရေဆင်းမြောင်းများအတွင်း အမှိုက်သရိုက်ပိတ်ဆို့မှု၊ ရေဆင်းမြောငး်ကျဉ်းမြောင်းပြီး ရေမြောင်းထဲ သဲမြေများဝင်ရောက်အနည်ထိုင်လာမှုများကြောင့် ရေမြောင်းတိမ်ကောလာ၍ မိုးအနည်းငယ်ရွာသွန်းရုံဖြင့် ရေများ လမ်းမပေါ် ပြည့်ရေလျှံဖြစ်ကာ နေအိမ်ထဲအထိ ရေများစီးဝင်လာနေကြောင်း ရွှေပြားရပ်ကွက်နေ ဦးဦးကျော်ဝင်းက ပြောသည်။
“နောက်ပြီးတော့ အိမ်တွေက ရေမြောင်းကိုကျော်ပြီးတော့ လုံးဝအသေဆောက်ထားကြတယ်။ ရေဆင်းကောင်းအောင် အဆင်ပြေဖို့အတွက် နည်းနည်း လုပ်စေချင်ပါတယ်။ မြောင်းတွေကိုနည်းနည်းတူးစေချင်တယ်ဗျာ။ အယင်တုန်းက အနက် ၃ပေ ရှိတဲ့မြောင်း အခုက ၆ လက်မ တောင်မရှိတော့ပါဘူး”ဟု ပြောသည်။
အဆောက်အဦအသစ်များတည်ဆောက်ရာတွင်လည်း ဘိလပ်မြေအကြွင်းအကျန်များမှာ ရေဆင်းမြောင်းများအတွင်း ပိတ်ဆို့နေသည့်အတွက် ရေမြောင်းများပိတ်ဆို့နေသည်ဟု မြို့သူကြီးရပ်ကွက်နေ ဦးကျော်ရီက ပြောသည်။
“ရေတစ်ကြိမ်ပြည့်လို့ ပြန်ကျသွားရင် အိမ်ထဲကရေတွေကို တနေ့ကုန်ရေပစ်ရ တော့တာပါဘဲ။ နောက်ပြီးတော့ တိုက်ဆောက်တဲ့အချိန်မှာ မြေတူးတဲ့အခါ အဲဒီမြေတွေဆင်းလာပြီးတော့ အဲဒီရေမြောင်းတွေကို မြေသားတွေ လုံးဝပြည့်သွားတယ်။ ရှင်းလင်းပေးဖို့အကြိမ်ကြိမ် အကူအညီတောင်းဆိုခဲ့ကြပါတယ်။ အပေါ်ကနေ ရေမြောင်းတွေအပေါ် ကွန်ကရစ်ခင်းလိုက်ကြတော့ ဘယ်လိုရှင်းလို့ရတော့မှာလဲ”ဟု ပြောသည်။
ယင်းအပြင် ဆတ်ရိုးကျတံတားအောက် ရပ်ကွက်များဖြစ်သည့် လမ်းမတော်တောင်နှင့် လမ်းမတော်မြောက်၊ စသည့်ရပ်ကွက်များတွင် နှစ်စဉ်မိုးရာသီရောက်တိုင်း လူနေအိမ်နှင့် ဈေးဆိုင်ခန်းများ ရေနစ်မြုပ်တတ်ကြသည်ဟု ရပ်ကွက်သူ၊ ရပ်ကွက်သားများက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်စည်ပင်ကို အကြိမ်ကြိမ်ဖုန်းဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ (NN-10)

ဆက်စပ် သတင်းများ