Preview

ပြန်ပေးဆွဲခံရသည့်ပညာရေးဝန်ထမ်းနှစ်ဦး အမြန်ဆုံးလွတ်မြောက်ရေး အစိုးရက အစွမ်းကုန်ကြိုးပမ်းပေးရန် AFP ပါတီတိုက်တွန်း

ဇွန် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :1621
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၁ /၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပြန်ပေးဆွဲခံထားရသည့် ပညာရေးဝန်ထမ်းနှစ်ဦး အမြန်ဆုံးလွတ်မြောက်လာရေးအတွက် အစိုးရက အစွမ်းကုန်ကြိုးပမ်းပေးရန် ၇ခိုင့်ဦးဆောင်ပါတီ(AFP)က တိုက်တွန်းလိုက်သည်။
ယနေ့ ဇွန်လ ၂၁ ရက် ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
“ပညာရေးဝန်ထမ်းနှစ်ဦးဖမ်းဆီးခံထား၇သည်မှာ ၅ ရက်ကျော်ပြီဖြစ်သော်လည်း လွတ်မြောက်လာခြင်း မရှိသေးရာ နိုင်ငံ၏အချုပ်အခြာအာဏာကို စွဲကိုင်ထားသူ မြန်မာအစိုးရအနေဖြင့် ၎င်းတို့နှစ်ဦး အမြန်ဆုံး လွတ်မြောက်ရေးအတွက် အပြည့်အ၀ တာဝန်ရှိသည်အလျောက် အစိုးရလက်အောက်ရှိ စစ်ဘက်ရဲဘက်နှင့် အခြားလုံခြုံရေးဆိုင်ရာ ယန္တရားများအား အပြည့်အ၀အသုံးချကာ ဆရာနှစ်ဦး ဘေးမသီရန်မခ လွတ်မြောက်လာစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်စေလိုပါသည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အလားတူ အစိုးရမဟုတ်သော အခြားအင်အားစု (stakeholder)များအနေဖြင့်လည်း အဖမ်းဆီးခံ ပညာရေးဝန်ထမ်းနှစ်ဦး လွတ်မြောက်ရေးတွင် အတတ်နိုင်ဆုံး ပါဝင်ကူညီပံ့ပိုးပေးကြပါရန် ထုတ်ပြန်ချက်တွင် ထည့်သွင်း မေတ္တာရပ်ခံထားသည်။
ဤအမှုအခင်းနှင့်စပ်လျဉ်းပတ်သက်လျက် နယ်စပ်ဖြတ်ကျော်ဆောင်ရွက်ခြင်း (သို့မဟုတ်) ချိတ်ဆက်ဆောင်ရွက်ခြင်းများ ရှိကောင်းရှိနေမည်ကို စိုးရိမ်ရသည့်အတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့်လည်း မြန်မာအစိုး၇နှင့် လိုအပ်သလို အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပေးပါရန် ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထားသည်။
ပြန်ပေးဆွဲခံလိုက်ရသူနှစ်ဦးမှာ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ရှိ သင်္ဘောလှကျေးရွာမူလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဘိုဝင်း (၃၄ နှစ်)နှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်(၂၃ နှစ်)တို့ဖြစ်ကြသည်။
သူတို့သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က သင်္ဘောလှကျေးရွာမှ မောင်တောမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့်သွားရောက်စဉ် လမ်းတွင် ပြန်ပေးဆွဲခံလိုက်၇ခြင်းဖြစ်သည်။
လက်ရှိတွင် သူတို့နှစ်ဦးပြန်ပေးဆွဲခံလိုက်၇မှုကြောင့် မိသားစုနှင့်ထပ်တူ စိတ်ပူပင်နေမိသည်ဟုလည်း AFP ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သူတို့နှစ်ဦး အမြန်ဆုံးလွတ်မြောက်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုး၇တို့တွင်လည်း အပြည့်အ၀တာဝန်ရှိသည်ဟု ၇ခိုင်အမျိုးသားပါတီ(ANP)ကလည်း ယမန်နေ့ ဇွန်လ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ထားသည်။ (NN-2)

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.