တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.9k

နိရ ဉ္စရာ၊ ဇွန် ၂၁ /၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် အဓမ္မပြုကျင့်ခံလိုက်ရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
အဆိုပါမိန်းကလေးငယ်သည် ယမန်နေ့ ဇွန်လ ၂၀ ရက်၊ ညနေ ၄ နာရီကျော်ခန့်တွင် ကျောက်ဖြူမြို့၊ လေယာဉ်ကွင်းအနီးရှိ ရေမြောင်း၌ ရေဆော့ကစားနေစဉ် ကလေးငယ်နှင့် တစ်ရပ်ကွက်တည်းနေ လူငယ်တစ်ဦး၏ ကျူးလွန်ခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း ကျူးလွန်ခံရသူနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
ယနေ့ ဇွန်လ ၂၁ ရက် နေ့လယ်ပိုင်းတွင် ကျောက်ဖြူပြည်သူ့ဆေးရုံ၌စစ်ဆေးခဲ့သည့် ဆေးစစ်ချက်ရလဒ်တွင်လည်း အဓမ္မမှုမြောက်သည်ဟု ဖော်ပြထားကြောင်း ဆက်ပြောသည်။
"ဆေးစစ်ချက်အဖြေကတော့ ဟုတ်တယ်ဆိုတာ ထွက်ထားပြီးပြီ။ ကလေးငယ်ကိုယ်တိုင်ကလည်း တိတိကျကျပြောနိုင်တယ်လေ။ တရားခံက တစ်ယောက်တည်းလို့တော့ ကလေးက ပြောတယ် " ဟု ပြောသည်။
လက်ရှိတွင် ကျူးလွန်ခံရသူ ကလေးငယ်၏ ထုတ်ဖော်ပြောဆိုချက်အရ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးကို ကျောက်ဖြူမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေကြောင်း မြို့ခံများက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက "အမှုမဖွင့်ဘူး။ အမှုမဖွင့်တာက သူတို့မှာက ကလေးတွေရေကူးရင်းဖြစ်ကြတာလို့ပြောတယ်။ ရေကူးတဲ့အခါ ပုလင်းကွဲပြတ်တယ်လို့ပြောတယ်။ အပြည့်အစုံတော့မသိသေးဘူး"ဟု ယနေ့မွန်းတည့် ၁၂ နာရီခန့်ကဖြေကြားထားသည်။
ဆေးစစ်ချက်ရလဒ်ထွက်ရှိလာပြီးနောက် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ ထပ်မံဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ယခုကဲ့သို့ ၆ နှစ်အရွယ်ကလေးငယ်ကျူးလွန်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ တရားရေးရာကျွမ်းကျင်သူများနှင့် ကလေးသူငယ်ဥပဒေနှင့်အညီ အရေးယူမှုပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကျူးလွန်ခံရသူနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ကျူးလွန်ခံရသည့် ကလေးငယ်တွင် မိဘများမှာလည်း လက်လုပ်လက်စားဖြစ်ပြီး ဆင်းရဲနွမ်းပါးကြသည်ဟုလည်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ