Preview

နှစ်ပေါင်း ၁၂၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းဝေသာလီခေတ် ကြေးဆီမီးခွက် ရခိုင်သို့ ပြန်လည်ရောက်ရှိ

ဇွန် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :9280
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၁/၂၀၂၂
နှစ်ပေါင်း ၁၂၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းဝေသာလီခေတ် ကြေးဆီမီးခွက်သည် ရခိုင်သို့ ပြန်လည်ရောက်ရှိနေပြီဟု သိ၇သည်။
အဆိုပါကြေးဆီမီးခွက်သည် ယမန်နေ့ ဇွန်လ ၂၀ ရက်တွင် ရန်ကုန်မှတဆင့် စစ်တွေသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါကြေးဆီမီးခွက်ကို အများပြည်သူလာရောက်လေ့လာနိုင်ရန် စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းသွားမည်ဟု သိ၇သည်။
ရခိုင့်အမွေအနှစ်ကို ရခိုင်မှာပြန်ထားပြီး ပြတိုက်တွင် တရားဝင်ထိန်းသိမ်းထားခြင်းမှာ ကောင်းသောလုပ်ရပ်ဖြစ်သည်ဟုလည်း မြောက်ဦးရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက နိရဥ္စရာကိုပြောသည်။
"ဒါက ဝေသာလီခေတ် ဆီမီးခွက်ဆိုတော့ ရခိုင့်အမွေအနှစ်ကို ရခိုင်မှာပြန်ပြီး ပြတိုက်မှာထားတယ်ဆိုတာ ကောင်းတယ်။ အများပြည်သူလေ့လာလို့လည်း ရတယ်။ ဒါတွေဟာ Primary Resource ပျောက်ပျက်လို့မရတဲ့ပစ္စည်းတွေဆိုတော့ ပြတိုက်မှာ တရားဝင်ထိန်းသိမ်းထားတာက ကောင်းတယ်လို့ ထင်တယ်"ဟု ပြောသည်။
ရှေးဟောင်းကြေးဆီမီးခွက်ကိုကိုင်ဆောင်ထားသည့် အမြင့်ပေ ၉ လက်မရှိသောရုပ်တုကို အေဒီ ၃ ရာစုနှင့် ၈ ရာစုကြားတွင် သွန်းလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သမိုင်းပညာရှင်များက ခန့်မှန်းထားကြသည်။
အဆိုပါရှေးဟောင်းကြေးဆီမီးခွက်ကိုကိုင်ဆောင်ထားသောရုပ်တုကို ရခိုင်သမိုင်းသုတေသီ ကျောက်စာဝန် ဦးစံရွှေဘုက ၁၉၂၀ ပြည့်နှစ်ခန့်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဝေသာလီကျေးရွာ၏ အရှေ့မြောက်ဘက် ဝေသာလီမြို့ဟောင်းထဲမှ တူးဖော်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
ယင်းအချိန်မှစတင်ပြီး နှစ်ပေါင်း ၁၀၀ ခန့် ထိန်းသိမ်းလာခဲ့ပြီးနောက် ဦးစံရွှေဘု၏မြေးဖြစ်သူ ဒေါ်ခင်အေးဇံတို့မိသားစုက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ရ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်၌ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့ထံ စာချုပ်စာတမ်းနှင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိ၇သည်။
ယင်းနောက် ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက်တွင် စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ မိသားစုဝင်များကိုယ်စား ဦးတင်အောင်စိုး(ယဉ်ကျေးမှုဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(ငြိမ်း))က ၇ခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအာင်ကျော်မင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ ဒေါက်တာအောင်ကျော်မင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးဇော်အေးမာင်တို့ တက်ရောက်ခဲ့ကြသည်။ (NN-7)
Photos - U San Myat Shwe and U Zaw Aye Mg

#ရှေးဟောင်းယဉ်ကျေးမှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.