သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်စေနိုင်သည့် ဖြစ်စဉ်များကိုဆက်တိုက်တွေ့နေရ၍ သတိပြုဆင်ခြင်ကြရန် ULA/AA သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 4.9k

နိရဥ္စရာ၊ ဇွန် ၂၁/၂၀၂၂
ရခိုင်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဖြစ်စေနိုင်သည့် ဖြစ်စဉ်များကို ဆက်တိုက်တွေ့နေရ၍ ပြည်သူများအနေဖြင့် သတိထားဆင်ခြင်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /ရက္ခိုင့်တပ်တော်(ULA/AA)က ယနေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။
ရက္ခိုင်ပြည်တွင် လက်ရှိအခြေအနေမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေနိုင်သည့်ဖြစ်စဉ်များကို ဆက်တိုက်တွေ့လာနေရပြီး ယင်းဖြစ်စဉ်များတွင် ဇွန်လ (၁၆) ရက်နေ့က မောင်တောမြို့နယ်၊ သင်္ဘောလှရွာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့အား ပြန်ပေးဆွဲခြင်းဖြစ်စဉ်နှင့် ပေါက်တောမြို့နယ် ကြိမ်နီပြင်ရွာမှ မူဆလင်လူငယ်တစ်ဦးအား ရိုက်နှက်ကာ လက်ပြန်ကြိုးတုပ်လျက် ကျောကုန်းကို ကျောက်တုံးဖိ၍ထားခဲ့သည့် ဖြစ်စဉ်များလည်းပါဝင်သည်ဟု ရခိုင်ဘာသာစကားဖြင့်ရေးသားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ လွန်ခဲ့သောကာလများတွင်လည်း မြောက်ဦး၊ ကျောက်တော်အစရှိသော ရက္ခိုင်ပြည်မြို့နယ်များ၌ စပါးရိတ်စက်များ၊ ကောက်လှိုင်းစည်းများအား မီးရှို့ခြင်း၊ မုဒိမ်းကျင့်ရန်ကြံစည်ခြင်းအပါအဝင် လူမျိုးရေးဘာသာရေးပဋိပက္ခကို ဖြစ်စေနိုင်သည့် ဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ယင်းလုပ်ရပ်များကို ၎င်းတို့၏လက်ကိုင်တုတ်ရက္ခိုင်တချို့၊ အမျိုးသားသစ္စာဖောက်တချို့နှင့် ၎င်းတို့အဖွဲ့အစည်းအတွင်းမှ ရက္ခိုင်စကားပြောတတ်သူများကို အသုံးချ ခိုင်းစေမှုများရှိခဲ့ကြောင်း ရေးသားထားသည်။
ရခိုင်တွင် ရက္ခိုင်မဟုတ်သော လူမျိုးနှင့် မျိုးနွယ်စုများအကြား ပြဿနာဖန်တီးနေသူများ သုံးနေကျလက်နက်ဟောင်းတစ်ခုဖြစ်သည့် အချိုသတ် မက်လုံးပေးသောနည်းလမ်းများကိုအသုံးပြုပြီး လူမျိုးရေးပဋိပက္ခများဖန်တီးရန် ကြိုးစားလျက်ရှိနေသည်ကို လက်ရှိဖြစ်ပျက်နေသော အခြေအနေများက မီးမောင်းထိုးပြလျက်ရှိကြောင်း ရခိုင်ဘာသာစကားဖြင့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါဖြစ်စဉ်များမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ဦးတည်စေနိုင်သည့်အတွက် အာရက္ခပြည်သူ ပြည်သားများ သတိပြုဆင်ခြင်ရန်နှင့် နောက်ထပ် အလားတူဖြစ်စဉ်မျိုးမပေါ်ပေါက်စေရေးအလေးဂရုပြု ဝိုင်းဝန်း ကာကွယ်စောင့်ထိန်းကတ်ရန်လည်း လိုအပ်ကြောင်း ULA/AA က ဆိုသည်။
လက်ရှိအချိန်ကာလမှာ အာရက္ခပြည်သူပြည်သားများအနေဖြင့် ရန်သူ၏ထောင်ချောက်ထဲသို့ မကျရောက်စေရန်နှင့် ရန်သူဖြစ်လိုသောအကွက်ထဲကို မသက်ဆင်းသွားစေဖို့ အထူးသတိထားရန် လိုအပ်ပြီး လူမှုကွန်ရက်စာမျက်နှာများထက်မှသတင်းများကို သတိဉာဏ်ဖြင့် ဆင်ခြင်ဖတ်ရှုကြပါရန်၊ ပဋိပက္ခကို ဦးတည်စေသော အရေးအသားလှုံ့ဆော်မှုမျိုး ရေးသားခြင်းဖြန့်ဝေခြင်းများကို လုံးဝ မပြုလုပ်ကြရန်ကိုမှာကြားထားပြီး အတိတ်တွင် ဖြစ်ပျက်ခဲ့သော လူမျိုးရေးပဋိပက္ခဖြစ်ရပ်များမှ သင်ခန်းစာယူကြရန် တိုက်တွန်းလိုက်ထားသည်။ (NN-7)

ဆက်စပ် သတင်းများ