Preview

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေ

ဇွန် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :6983
ရခိုင် သတင်း

နိရဥ္စရာ၊ ဇွန် ၂၁/ ၂၀၂၂
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးငယ်များနှင့် လူကြီးများပါ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများဖြစ်ပွားနေသည်ဟု သိ၇သည်။
ထိုသို့ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် စစ်ဘေးရှောင်စခန်းများမှာ စစ်တွေမြို့ ဓည၀တီရပ်ကွက်ရှိ ဓမ္မာရာမကျောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း၊ အလိုတော်ပြည့် ဘုန်းကြီးကျောင်းရှိစစ်ဘေးရှောင်စခန်းအပါအဝင် မြောက်ဦးမြို့နယ်ရှိ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတို့ဖြစ်သည်ဟု သိ၇သည်။
အဆိုပါဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုသည် ယခုကဲ့သို့မိုးရာသီအတွင်း စစ်ဘေးရှောင်စခန်းများ ရေလွှမ်းမိုးမှုဒဏ်ကိုခံနေရ၍ သောက်ရေနှင့် သုံးရေမသန့်ရှင်းခြင်း၊ စားသောက်ရသည့် အစားအစာများ သန့်ရှင်းမှုမရှိခြင်းတို့ကြောင့်ဖြစ်နိုင်သည်ဟု ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် စစ်တွေမြို့ ဓည၀တီရပ်ကွက်၊ ဓမ္မာရာမကျောင်းတိုက်ရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းမှ ဦးမြတ်လှအောင်က ပြောသည်။
“မိုးရာသီရောက်ပြီဆိုတော့ ရေမကောင်း မိုးမကောင်းဘူး။ စားသောက်၇တာတွေ အဆင်မပြေတာနဲ့လည်း ဆိုင်တယ်လို့ ထင်တယ်။ ကလေးတွေကော့ လူကြီးတွေကော့ အကုန်လုံး ဝမ်းပျက်၊ ဝမ်းလျှောတွေဖြစ်ကြတယ်။ ခေါင်းမူး၊ ခေါင်းကိုက်ကြတာတို့။ ယားယံမှုတွေဖြစ်နေကြတယ်"ဟု ပြောသည်။
ထိုသို့ရောဂါများဖြစ်ပွားနေသော်လည်း စစ်ဘေးရှောင်များအနေဖြင့် ဆေးရုံသွားပြီး ဆေးကုသမှုခံယူရန် ငွေကြေးအခက်အခဲများနှင့်ကြုံနေရပြီး ဆေးရုံအထိသွားပြီး ဆေးကုသမှုမခံယူနိုင်ဘဲ ကြုံရာကျပန်း အနီးအနားရှိဆေးဆိုင်များမှ လက်ကမ်းဆေးများဝယ်ကာ ဖြစ်သလို ကုသနေ၇သည်ဟု ဆက်ပြောသည်။
"အနီးအနားတွေက ဆေးဆိုင်တွေက ဆေးလုံးတွေဝယ်သောက်လည်း မသက်သာဘူး။ ဆေးဆိုင်တွေမှာတော့ ပြကြတယ်၊၊ မသက်သာဘူးဖြစ်နေတယ်” ဟု ပြောသည်။
ဝမ်းပျက်၊ ဝမ်းလျှောရောဂါများဖြစ်ပွားမှုသည် ကလေးငယ်များအပါအဝင် လူကြီးများပါဖြစ်ပွားနေသည့်အတွက် စိတ်ပင်ပန်း၊ စိတ်ညစ်နေရပြီး များစွာအခက်အခဲဖြစ်နေသည်ဟုလည်း ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင် ဒေါ်နန်းစိုးက ပြောသည်။
"အခုလို ကလေးတွေကော့ လူကြီးတွေပါမကျန် နေမကောင်းဖြစ်နေတော့ ကလေးတွေရဲ့ အုပ်ထိန်းသူတွေအနေနဲ့ စိတ်ညစ်၇တယ်" ဟု ပြောသည်။
ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင် ကျန်းမာရေးဌာနကလာရောက်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးမှုများလည်း အားနည်းနေသည်ဟု စစ်ဘေးရှောင်များက ဝေဖန်ပြောဆိုနေကြသည်။
၇ခိုင်တွင် ၂၀၁၈ ခုနှစ်မှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ဒေသခံသိန်းနှင့်ချီထွက်ပြေးကာ စစ်ဘေးရှောင်စခန်းများတွင် ဝင်ရောက်ခိုလှုံခဲ့၇သည်။
လက်ရှိတွင်လည်း ဒေသမတည်ငြိမ်မှုများနှင့် ရပ်ရွာတောတောင်အနီး စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများကို အစိုးရက ရှင်းလင်းပေးမှုမရှိသည့်အတွက် စစ်ဘေးရှောင်အများအပြား နေရပ်မပြန်နိုင်ဘဲ ကျန်ရှိနေသေးသည်ဟု သိ၇သည်။ (NN-12)
ဓာတ်ပုံ - ရေလွှမ်းမိုးမှုဒဏ်ကိုခံနေရသည့် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအား ယခုနှစ်မိုးရာသီအတွင်းတွေ့၇စဉ်။

#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.