တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပြန်ပေးဆွဲခံရသည့် သင်္ဘောလှကျောင်းအုပ်ဆရာကြီးနှင့် ဆရာမတို့ လွတ်မြောက်လာပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.9k

နိရဉ္စရာ၊ ဇွန် ၂၃/ ၂၀၂၂
ပြန်ပေးဆွဲဖမ်းဆီးခံထားရသည့် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမဒေါ်ဥမ္မာကျော်တို့ ပြန်လွတ်ပြီဟု သတင်းရရှိသည်။
၎င်းတို့ နှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ နတ်မြစ်ကမ်းခြေတွင် တည်ရှိသည့် ခြံချောင်းရခိုင်ရွာသို့ ရောက်ရှိနေပြီဟုသိရသည်။
နိရဉ္စရာသတင်းဌာနမှ ခြံချောင်းရွာသို့ ဆက်သွယ်ရာ ဦးမောင်ညိုသာက လွတ်မြောက်လာသည်မှာ မှန်ကန်ကြောင်း၊ ၎င်းတို့အားလမ်းတွင်တွေ့၍ ရွာသားများက ခေါ်ယူလာခြင်းဖြစ်ကြောင်း၊ လက်ရှိ ခြံချောင်းကျေးရွာ ဦးကျော်ကျော်အိမ်တွင် လဘက်ရည်သောက်နေကြကြောင်း ပြောဆိုသည်။
၎င်းတို့နှစ်ဦး လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသူ နံ့သာတောင်ဆရာတော် ဦးစာရဏ၏ ပို့စ်တွင်လည်း ၎င်းတို့နှစ်ဦး ပြန်လွှတ်လာပြီဖြစ်ကာ ခြံချောင်းရွာရှိ အမျိုးများအိမ်တွင် လဘက်ရည် သောက်နေကြောင်း ဖော်ပြထားသည်။
သင်္ဘောလှကျေးရွာ ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက် ဆရာမဒေါ်ဥမ္မာကျော်တို့သည် ဇွန်လ ၁၆ ရက်နေ့က မောင်တောသို့ ဆိုင်ကယ်ဖြင့်အလာ လမ်းတွင် ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။

ဆက်စပ် သတင်းများ