Preview

စစ်တပ်အရာရှိဖမ်းဆီးခံရပြီးနောက် စစ်တွေမှ ထွက်ခွာမည့်ရေယာဉ်လိုင်းများအားလုံး ပိတ်ထား၍ ပြည်သူများအကြီးအကျယ် အခက်အခဲဖြစ်နေ

ဇွန် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :980
ရခိုင် သတင်း

နိရဉ္စရာ၊ဇွန် ၂၅/၂၀၂၂

 

ရခိုင်ပြည်နယ်စစ်တွေမြို့ အခြေပြု၍ အခြားမြို့နယ်များသို့ ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများ အားလုံးကို ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့မှစ၍ပြေးဆွဲခွင့် ပိတ်ပင်ခံထားရသည့်အတွက် ခရီးသည်များနှင့် ကုန်သည်များအခက်အခဲဖြစ်နေကြသည်ဟု သိ၇သည်။

ရေကြောင်းလိုင်းများကိုပိတ်လိုက်သည့်အတွက် စစ်တွေတက္ကသိုလ်တွင် အဝေးသင်တက်ရောက်နေသည့် အခြားမြို့မှကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း စနေ၊ တနင်္ဂနွေရက်များတွင် ကျောင်းမတက်ရ၍စာမေးပွဲဖြေဆိုခွင့်မရမည်ကို စိုးရိမ်နေကြသည်။

ရွှေပြည်တန်လိုင်းပိတ်လိုက်တော့ဒီတစ်ခေါက်သွားရမှာ အဆင်မပြေလိုက်ဘူး။ ကားလမ်းတွေလည်း အဆင်မပြေတော့ ကျောင်းတက်၇မှာအခက်အခဲဖြစ်တယ်။ Pratical တွေလည်းနောက်ကျသွားတယ်။ ဒီလိုမျိုးဆိုရင် ကျောင်းတက်ရမှာ အဆင်ပြေမှာမဟုတ်ဘူး၊လမ်းပန်းဆက်သွယ်ရေးအခြေအနေမကောင်းရင်။ရေယာဉ်လိုင်းတွေကိုပြန်ပြီးဖွင့်ပေးစေချင်တယ်။ Practical အချိန်မပြည့်ရင် စာမေးပွဲဖြေခွင့်မရမှာစိုးရိမ်တယ်ဟုမင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာမှ အဝေးသင် တတိယနှစ် ကျောင်းသူ မခင်လေးဝင်းကပြောသည်။

ယင်းအပြင်စစ်တွေမြို့တွင် ကျန်းမာရေးအရ ဆေးရုံ၊ ဆေးခန်းလာပြမည့်သူများအနေဖြင့်ကားလမ်းများတွင် စစ်ကောင်စီတပ်သားများက အစစ်အဆေးများရှိနေသည့်အတွက်ရေကြောင်းလမ်းကို အားထားကာသွားလာခဲ့ရသော်လည်း လက်ရှိတွင် ရေယာဉ်လိုင်းများကိုပါပိတ်ထားသည့်အတွက် အိမ်တွင် ဆေးမြီးတိုများဖြင့် ကုသကာ ကြိတ်မှိတ်ခံနေ၇သည်ဟုမြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

ကားလမ်းကလည်းလမ်းပိတ်ထားတယ်။ ရေလမ်းကလည်း လမ်းပိတ်ထားတယ်ဆိုတော့ မြောက်ဦးမြို့နယ်အနေနဲ့အဆင်မပြေတဲ့ရောဂါမျိုးဆိုရင် အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ကားလမ်းကတော့ မသွားကြဘူး။ နေ့တိုင်းစစ်ဆေးမှုရှိတဲ့အတွက် အဲဒီထဲမှာ ရောပါသွားရင် မိသားစုတွေဒုက္ခရောက်သွားနိုင်တယ်။တော်ရုံကျန်းမာရေးကိစ္စတွေကို အောင့်အီးသည်းခံနေကြတယ်။ အမှန်တကယ်ဆေးခန်းပြဖို့သွားရမယ်ဆိုရင်တောင် လမ်းအခြေအနေကြောင့် အိမ်မှာကြိတ်မှိတ်ပြီးတော့ဆေးမြီးတိုနဲ့ကုနေ၇တယ်ဟုပြောသည်။

စစ်တွေမှပြေးဆွဲရန် ရပ်နားထားရသည့် ရေကြောင်း ခရီးစဉ်များမှာစစ်တွေ-၇သေ့တောင်-ဘူးသီးတောင်၊ စစ်တွေ- မြောက်ဦး၊ စစ်တွေ-ပေါက်တော-မင်းပြား၊စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ- ကျောက်နီမော်-တောင်ကုတ်တို့ဖြစ်သည်။

အဆိုပါရေကြောင်းခရီးစဉ်များကို စစ်တွေ ဆတ်ရိုးကျ ချောင်း၀အထွက်၌တပ်စွဲထားသည့် ဌာနဆိုင်ရာစစ်ဆေးရေးဂိတ်အရာရှိက ယမန်နေ့ ဇွန်လ ၂၄ ရက် နံနက်တွင် အမြန်ရေယာဉ်လိုင်းများကိုရပ်နားထားရန် ဖုန်းဆက်အကြောင်းကြာလာသည့်အတွက် ယမန်နေ့မှစတင်ကာရပ်နားထားရခြင်းဖြစ်သည်ဟု အမြန်ရေယာဉ်လိုင်း တာဝန်ရှိသူများက ပြောသည်။

အမြန်ရေယာဉ်လိုင်းများကိုစစ်ဆေးရေးဂိတ်အရာရှိမှ မည်သည့်အချိန်တွင် ပြေးဆွဲခွင့်ပေးမည်ဆိုသည်ကိုမပြောလာသေးသည့်အတွက် မည်သည့်အချိန်ထိ ရေယာဉ်လိုင်းများ ရပ်နားထားရမည်ဆိုသည်ကိုမသိရသေးဟု ရေယာဉ်လိုင်း တာဝန်ခံများက ဆိုသည်။

လက်ရှိတွင်အမြန်ရေယာဉ်လိုင်းများအပြင် စစ်တွေမြို့ကို ဝင်ထွက်မည့် အခြားကျေးရွာများမှပြေးဆွဲနေသည့်လိုင်းဘုတ်များကိုပါ ပိတ်ထား၍ ကုန်သည်များတွင်ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ အခက်အခဲများဖြင့် ကြုံတွေ့နေရသည်ဟု သိ၇သည်။

စစ်တွေတွင်ဇွန်လ ၂၃ ရက်က စစ်ကောင်စီအရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးကို AA ကဖမ်းဆီးသွားသည်ဟုသတင်းထွက်ပြီးနောက်စစ်တွေတွင် ယင်းနေ့ ညအချိန်၌ သေနတ်သံများထွက်ပေါ်ခဲ့သလို ယမန်နေ့အထိ ဒေသခံ ၉ဦးထက်မနည်း ဖမ်းဆီးခံခဲ့၇သည်ဟု မြို့ခံများက ပြောသည်။

လက်ရှိတွင်စစ်ကောင်စီတပ်သားများမှာ စစ်တွေမြို့တွင် လုံခြုံရေးများတိုးချဲ့ချထားပြီးစစ်တွေမြို့အဝင် ဂိတ်တွင်လည်း စစ်ဆေးမေးမြန်းမှုများရှိသည့်အတွက်တခြားမြို့သို့သွားလာသည့် ယာဉ်အသွားအလာများလည်း နည်းနေသည်ဟု မြို့ခံများက ပြောသည်။(NN-3)

#သယ်ယူပို့ဆောင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.