တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင်အနည်းဆုံးအရပ်သား ၃၀ကျော်ကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 2.5k

နိရဥ္စရာ၊ဇွန် ၂၅၊ ၂၀၂၂
ရခိုင်ပြည်နယ်မှ မြို့နယ် ၄ ခုတွင် အနည်းဆုံး အရပ်သား ၃၂ဦးကို စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်းသိရသည်။
နိရဉ္စရာသတင်းဌာနမှ ဒေသခံများကို မေးမြန်းပြီး ကောက်ယူထားသော စာရင်းအရ ဖမ်းဆီးခံရသူများမှာ မြောက်ဦးမြို့ခံ ၅ဦးနှင့် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာမှ မူဆလင်ဒေသခံ ၁ဦး၊ ကျောက်တော်မြို့မှ မြို့ခံ ၁ဦးနှင့် ကန်စောက် ကျေးရွာမှ ၁ဦး၊ ပုဏ္ဏားကျွန်းမြို့မှ မြို့ခံ ၈ဦးနှင့် ပေါက်တောပြင် ကျေးရွာမှ ကျောင်းသား ၂ဦး၊ စစ်တွေမြို့မှ ၁၄ဦးနှင့် သက္ကေပြင်စျေးကျေးရွာမှ မူဆလင် ၁ဦးတို့ဖြစ်ကြသည်။
ဖမ်းဆီးခံရသူများ၏ နာမည်များမှာ မြောက်ဦးမြို့ ကျောက်ရာဇ်ကေရပ်ကွက်မှ ကိုကျော်ဝင်းလှိုင် (၃၂ နှစ်) အပါအဝင် ၅ ဦး၊ ကျောက်တော်မြို့မှ ကိုဇော်ဝင်းနှင့် ကိုဇော်မိုးထက်၊ စစ်တွေမြို့တွင် မင်းဂံရပ်ကွက်မှ ၇ဦး၊ ဆတ်ရိုးကျရပ်ကွက်မှ ဦးဘသိန်း၊ ဆင်ကူးလမ်း ရပ်ကွက်မှ ဦးခင်မောင်စော၊ သက္ကေပြင်စျေးကျေးရွာမှ ဦးဆော်လိမ်၊ ကုန်တန်းရပ်ကွက်မှ ၂ဦးနှင့် ကန်တော်ကြီး ရပ်ကွက်မှ ၃ဦးတို့ ဖြစ်သည်။
ယင်းအပြင် ပုဏ္ဏားကျွန်းမြို့မှ ဦးဘလှိုင်၊ ဦးဝင်းမောင်သန်း၊ ဦးထွန်းလှိုင်၊ ဦးကျော်မင်း၊ ကိုကျော်လင်း၊ (ကျန် ၃ဦးအမည်မသိရသေး)၊ပေါက်တောပြင် ကျေးရွာမှ မင်းအောင်ခိုင်နှင့် နိုင်မျိုးထွန်းတို့ဖြစ်ကြသည်။
ကျောက်တော်မြို့ခံအမျိုးသားတစ်ဦးက “အဲဒီနေ့က တော်တော်လည်းတော့ ဖမ်းသွားတယ်လို့ကြားတယ်။ ဖမ်းသွားတဲ့အထဲမှာပါတဲ့ အမျိုးသမီး လေးယောက်ကိုတော့ နောက်တစ်ရက်နေ့မှာပြန်လွတ်ပေးလိုက်တယ်။ အခုတော့ နာမည်နဲ့တကွဖမ်းဆီးခံထားရတာက နှစ်ယောက်ပဲရှိတယ်။ ကျန်တာတွေတော့ သေချာမပြော တတ်ဘူး။ ကောလဟာလတွေက များတယ်လေ”ဟုဆိုသည်။
အလားတူ ဇွန်လ ၂၁ရက်နေ့တွင် မြောက်ဦးမြို့တွင်လည်း ဖမ်းဆီးမှု အများအပြားရှိခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တိတိကျကျ ဖမ်းဆီးခံထားရသူမှာ မြို့ခံ ၅ဦးနှင့် မူဆလင်တစ်ဦးသာရှိသည်ဟု နိရဥ္စရာ၏ သတင်းရင်းမြစ်တစ်ဦးကပြောသည်။
စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်မှ ဖမ်းဆီးခံ ဦးခင်မောင်စော၏ဇနီးဖြစ်သူ ဒေါ်ကျော့ကျော့လွင်က“ ကျွန်မ အမျိုးသားနဲ့ ဒီနေ့အချိန်ထိ လုံးဝ အဆက်အသွယ် မရပါ။ ဘယ်နေရာကိုခေါ်သွားတာလဲမသိရဘူး။ သူ့ကနေ မကောင်းဖြစ်နေတော့ ကျွန်မအရမ်းစိတ်ပူးနေပါတယ်။ အမြန်ဆုံး ပြန်လွတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟုဆိုသည်။
ထို့အတူ ပုဏ္ဏားကျွန်းတွင်လည်း ဖမ်းဆီးခံထားရသူများမှာ ယနေ့အချိန်ထိ ပြန်မလွတ်လာသေးသလို မိသားစုနှင့် လည်း လုံးဝတွေ့ခွင့်မရှိဟု ဖမ်းဆီးခံ မိသားစုဝင်များကပြောသည်။
ဖမ်းဆီးခံ ဦးဘလှိုင်၏ ယောက်ခမဖြစ်သူက “ အကျွန့်သားမက်နဲ့က ဖမ်းသွားတဲ့ နေ့ကနေ အခုအချိန်ထိလုံးဝ မဆက်အသွယ်မရပါ။ သူဘယ်နေရာမှာ ရှိနေလဲဆိုတာတောင် မသိရပါဘူး။ အိမ်ကလူတွေ အရမ်းစိုးရိမ်နေပါတယ်။ သူနဲ့အဆက်အသွယ် ရချင်ပါတယ်”ဟုဆိုသည်။
လက်ရှိအချိန်၌လည်း စစ်တွေမြို့၊ပုဏ္ဏားကျွန်း၊ ကျောက်တာ်၊ မြောက်ဦး မြို့တို့တွင် စစ်ကောင်စီက လမ်းသွား၊ လမ်းလာများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေသည့်အတွက် မြို့မှာယခင်လို စည်စည်ကားကား မရှိတော့ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်(AA)ဖက်မှလည်းဖမ်းဆီးထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆ဦး အထိရှိသည်ဟု သိရှိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ယခုလိုအရပ်သားများအား မတရားဖမ်းဆီး၊ နှိပ်စက်နေသည်မှာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းကျူးလွန် နေခြင်းဖြစ်သည့်အတွက် ပြန်းထန်စွာကန့်ကွက်ရှုတ်ချ ကြောင်း ရခိုင့် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့က ဇွန်လ ၂၄ရက်နေ့တွင် ထုတ်ပြန်ထားသည်။ (NN-11)

ဆက်စပ် သတင်းများ