တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

တောင်ကုတ် NLD နှင့်နီးစပ်သူ ၁ ဦး ဖမ်းဆီးခံရ၊ ၄ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.9k

နိရဥ္စရာ၊ ဇွန် ၂၈/ ၂၀၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့်နီးစပ်သူ ၁ ဦးသည် ဖမ်းဆီးခံရပြီးနောက် ၄ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးဟု သိရသည်။
ဖမ်းဆီးခံလိုက်ရသူမှာ တောင်ကုတ် NLD နှင့်နီးစပ်သူ အသက် ၄ဝ ကျော်အရွယ် ဦးစိုးသီဟဖြစ်သည်။
သူသည် ဇွန်လ ၂၃ ရက်တွင် စစ်တွေရှိ တည်းခိုခန်းတစ်ခုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ၏လာရောက်ဖမ်းဆီးခြင်းကိုခံလိုက်ရပြီး ယင်းနေ့တွင် ပြန်လွတ်လာကာ နောက်တစ်နေ့ ဇွန်လ ၂၄ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များထံ ထပ်မံဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
သူ၏ မိသားစုဝင်တစ်ဦးက “ဖမ်းတာကတော့ သူ့ကို NLD နဲ့ပတ်သက်လို့ ဖမ်းတာဖြစ်မယ်။ တောင်ကုတ်မှာဆိုရင် သူနဲ့ပေါင်းတဲ့ သူ့မိတ်ဆွေအစ်မတွေဆိုရင် ၁ဝ နှစ်ကျတယ်လေ။ ချယ်ရီသက်ရှည်ဆိုလား။ အဲမိန်းမတွေလေ။ သူတို့တွေနဲ့ အဆက်အစပ်လား၊ ဘယ်လိုဖြစ်လို့ဖမ်းတာလဲတော့ အသေအချာမသိဘူး”ဟု ပြောသည်။
အသက် ၄ဝ အရွယ်ရှိ ဒေါ်ချယ်ရီသက်ရှည်ဆိုသူသည် တောင်ကုတ်မြို့မှ CDM ဝင်နေသည့် အထက်တန်းပြကျောင်းဆရာမတစ်ဦးဖြစ်ပြီး PDF ကိုသင်တန်းပေး၍ပြန်လာသည့် စစ်သားတစ်ဦးကို ငွေကျပ်တစ်သောင်းထောက်ပံ့ပေးခဲ့သည်ဟုဆိုကာ ဧပြီ ၂၈ ရက်က သံတွဲခရိုင်တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရသူဖြစ်သည်။
ဒေါ်ချယ်ရီသက်ရှည်၏မိတ်ဆွေဖြစ်သူ ဦးစိုးသီဟသည်လည်း စစ်တွေတွင်ဖမ်းဆီးခံလိုက်ရပြီးနောက် ယနေ့အထိ မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ဆိုသည်ကို မသိရသလို အဆက်အသွယ်လည်း မရသေးဟု မိသားစုဝင်များက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့မရဲစခန်းကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။
ဖမ်းဆီးခံလိုက်ရသူ ဦးစိုးသီဟသည် ဂွမြို့နယ် ကျိန္တလီမြို့တွင် အဒေါ်ဖြစ်သူနှင့်အတူနေထိုင်သူဖြစ်သည်ဟု သိရသည်။ (NN-2)

ဆက်စပ် သတင်းများ