English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားနှစ်ဦးတို့ကို ၁လနီးပါးတရားရုံးမတင်ဘဲ စစ်ကောင်စီတပ်ကဥပဒေမဲ့ဖမ်းဆီးထား
ဇွန် ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :3838
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၂၉/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ အဘောင်သားကျေးရွာမှ အဘောင်သား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားနှစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်သော်လည်း တရားရုံးမတင်ဘဲ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သတင်းရရှိသည်။
၎င်းတို့ ၃ ဦးမှာ အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်နှင့် နောက်ထပ် ရွာသား နှစ်ဦးဖြစ်ကြသည့် ဦးချစ်စိန်နှင့် ဦးအိုင်လှတို့ဖြစ်ကြသည်။
၎င်းတို့နှင့်နီးစပ်သူတစ်ဦးက "ဒီနေ့ကျမတို့နဲ့အတူ သူတို့တွေရော ရဲစခန်းကို ပြောင်းတဲ့အထဲပါလာမှာလားလို့ စောင့်နေကြတာ။ ဒါပေမယ့် မပါလာ၊ သူတို့ ဘယ်မှာရှိနေတယ်ဆိုတာ မသိရတော့ အဘောင်သားအုပ်ချုပ်ရေးမှူး အိမ်ရှင်မ (ဇနီး) ဆိုရင် စိုးရိမ်ပြီးတော့တအားငိုနေတာ။ လက်တွေ တောင်တုန်နေတယ်။ သူတို့ကခူမီးဆိုတော့ ရခိုင်စကားလည်းမတတ်သလို ဗမာစကားလည်း မတတ်လို့ မီဒီယာတွေနဲ့လည်း သိပ်ပြီး အဆက်အသွယ် မရှိတော့ သူတို့ယောင်္ကျား အကြောင်းကိုလည်း မပြောပြနိုင်ဘူးလို့ ပြောတယ်" ဟုပြောသည်။
၎င်းတို့၏ မိသားစုများအနေဖြင့် ဖမ်းဆီးချိန်မှ မိသားစုနှင့် တွေ့ခွင့်မရ၍ အထူးစိုးရိမ်နေကြသည်ဟု ပြောဆိုသည်။
၎င်းတို့ ၃ ဦးနှင့်အတူ ခလ၇ ၂၈၉ တပ်ရင်းတွက် ဖမ်းဆီးထိန်းသိမ်း ခံထား၇သည့် ပလက်၀မြို့ခံနှစ်ဦးကို ယမန်နေ့က ပလက်၀မြို့မ ရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီဖြစ်သော်လည်း ၎င်းတို့ ၃ ဦး၏ အခြေအနေကို တစ်စုံတစ်ရာ မသိရှိရသဖြင့် မိသားစုဝင်များမှာ လွန်စွာစိတ်ပူနေ၇ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိအချိန်အထိ စစ်တပ်ထဲတွင်ဖမ်းဆီးခံထားရသည့် ၎င်းတို့သုံးဦး အကြောင်းနှင့်ပတ်သက်၍ အခြေအနေမှန်ကို သိရှိစေရန်စုံစမ်းနေကြောင်း ပလက်၀ဒေသခံတစ်ဦးကပြောသည်။
၎င်းတို့ ၃ ဦးအနက် ဦးချစ်စိန်သည် အသက် ၆၀ ကျော်အရွယ်ဖြစ်ကာ လမ်းပင်သေချာမလျှောက်နိုင်ဘဲ တုတ်ကောက်ကိုအားပြု၍ လမ်းလျှောက် နေရသူတစ်ဦးဖြစ်ကြောင်းလည်း သိ၇သည်။
၎င်းတို့ ၃ ဦးကို ပြီးခဲ့သည့် မေလ ၂၆ ရက်က အဘောင်သားကျေးရွာမှ စစ်ကောင်စီတပ်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ခလ၇ ၂၈၉ တပ်ရင်းထဲတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိမည်ဟု ဒေသခံများက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပလက်၀မြို့အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့အား ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ပလက်၀မြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သား ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းအရပ်သားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
#တရားစီရင်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.