တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်အမြောက်တပ်အနီး မိုင်းပေါက်၍ အမျိုးသား ၁ ဦး ဘယ်ခြေထောက်ပြတ်ထွက်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.7k

နိရဥ္စရာ၊ ဇူလိုင် ၄/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီအမြောက်တပ်အနီးတွင် ယနေ့ နေ့လယ်က မိုင်းပေါက်ကွဲမှုဖြစ်၍ ဒေသခံအမျိုးသား ၁ ဦးတွင် ဘယ်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားပြီး ညာခြေထောက်ကိုလည်း ဖြတ်ပစ်ရမည်ဟု သိရသည်။
မိုင်းနင်းမိသူမှာ မျာလီကန်ကျေးရွာမှ ဦးလှမောင်(၃၅ နှစ်)ဖြစ်သည်။
၎င်းမှာ ခမရ(၃၇၇)အမြောက်တပ်ရင်းအနီးရှိ လယ်ပြင်တွင် ယနေ့ ဇူလိုင် ၄ ရက်နေ့ နေ့လယ် ၁ နာရီကျော်တွင် နွားကျောင်းနေစဉ် မိုင်းနင်းမိကာ ပေါက်ကွဲမှုဖြစ်၍ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု မျက်မြင်ဖြစ်သည့် ဦးစွန်းတော်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
“အမြောက်တပ်ရှေ့နားမှာ ပေါက်ကွဲတာ။ ခြေထောက်နှစ်ဖက်စလုံးနဲ့ လက်တစ်ဖက်မှာ ဒဏ်ရာပြင်းပြင်းရသွားတယ်။ အခုတော့ သူ့ကို အပေါက်ဝဆေးရုံကို ယူသွားကြတယ်။ ခြေနှစ်ဖက်စလုံးတော့ ဖြတ်ရမဲ့ပုံစံဖြစ်သွားတယ်”ဟု ဆိုသည်။
မိုင်းပေါက်ကွဲမှုဖြစ်သည့်နေရာတွင် ဦးလှမောင်၏ဘယ်ဖက်ခြေထောက််တစ်ဖက် ပြတ်ထွက်ကျန်ခဲ့ပြီး နောက်ထပ်တစ်ဖက်ကိုလည်း ဖြတ်ရမည့်အခြေအနေရှိနေသည်ဟု အပေါက်ဝကျေးရွာ မေတ္တာရှင်အရေးပေါ် ကူညီရေးအဖွဲ့ တာဝန်ခံ ဦးဦးသိန်းထွန်းက နိရဥ္စရာကို ပြောသည်။
“အခုက အပေါက်ဝဆေးရုံကြီးမှာ စမ်းသပ်နေတယ်။ အခြေအနေက တော်တော်လေးဆိုးနေပါတယ်။ ခြေထောက်တစ်ဖက်မှာလည်း ကြွက်သားတွေ အားလုံးပွင့်ထွက် သွားတယ်”ဟုဆိုသည်။
ဒဏ်ရာပြင်းထန်၍ သူ့ကို စစ်တွေဆေးရုံသို့ပို့ဆောင်ရန်စီစဉ်နေသည်ဟုလည်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၃ ရက်တွင်လည်း မင်းပြားမြို့နယ်ရှိ တိုင်းဗဟို(၉)အနီးတွင် ဝါးခုတ်ရန်သွားသည့် အထက်ခချီးမြောင်ကျေးရွာမှ ကိုမောင်လှထွန်း (၂၈ နှစ်)မှာ မိုင်းပေါက်ကွဲမှုဖြစ်၍ ဘယ်ဖက်ခြေတစ်ဖက်ပြတ်ထွက်သွား၍ လက်ရှိတွင် မင်းပြားမြို့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိနေသည်။
အလားတူ ဇူလိုင်လ ၁ ရက်ကလည်း ခမရ ၃၇၅ တပ်ရင်းအနီးတွင် နွားလိုက်ရှာသည့် ဝက်မှိုင်းကျေးရွာသား ဦးသန်းစိန်မောင် (၄၅ နှစ်)မှာ မိုင်းနင်းမိကာပေါက်ကွဲမှုဖြစ်၍ ခြေထောက်တစ်ဖက်ပြတ်ထွက်သွားသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ဇူလိုင်လ ၂ ရက်တွင် သေဆုံးသွားခဲ့သည်။ (NN-11)

ဆက်စပ် သတင်းများ