တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မိုင်းထိလူနာ ဒဏ်ရာပြင်းထန်၍ အပေါက်ဝဆေးရုံတွင်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.7k

နိရဥ္စရာ၊ ဇူလိုင် ၄/ ၂၀၂၂
ယနေ့ နေ့လယ်က မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မျာလီကန်ကျေးရွာမှ ဦးလှမောင်သည် နေ့လယ် ၂ နာရီကျော်ခန့်တွင် အပေါက်ဝဆေးရုံ၌ သေဆုံးသွားပြီဟု သိရသည်။
ဦးလှမောင်မှာ မိုင်းထိ၍ဘယ်ဖက်ခြေထောက်တစ်ဖက် ပြတ်ထွက်ကျန်ခဲ့ကာ နောက်ထပ်ခြေထောက်တစ်ဖက်မှာလည်း ကြွက်သားများ ပွင့်ထွက်သွားသည့်အတွက် သွေးထွက်လွန်ကာ သေဆုံးသွားခြင်းဖြစ်သည်ဟု အပေါက်ဝကျေးရွာ မေတ္တာရှင်အရေးပေါ်ကူညီရေးအဖွဲ့ တာဝန်ခံ ဦးဦးသိန်းထွန်းက ပြောသည်။
“ခုဏကပဲဆုံးသွားတာပါ။ ဆရာဝန်တွေ စစ်ဆေးနေတုန်းသေဆုံးသွားတာပါ။ အခုတော့ သူ့ရဲ့အလောင်းကို ရဲတွေ စစ်ဆေးနေပါတယ်”ဟု ဆိုသည်။
အသက် ၃၅ နှစ်အရွယ် ဦးလှမောင်သည် ယနေ့ ဇူလိုင်လ ၄ ရက် နေ့လယ် ၁ နာရီခန့်က ကျေးရွာအနီး ခမရ(၃၇၇)အမြောက်တပ်ရင်းအနီးရှိ လယ်ပြင်တွင် နွားကျောင်းနေစဉ် မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရရှိသွားခြင်းဖြစ်သည်။
ဒဏ်ရာပြင်းထန်၍ အပေါက်ဝဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ အရေးပေါ်ယူဆောင်ရန် စီစဉ်နေစဉ် သွေးထွက်လွန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ယမန်နေ့ ဇူလိုင်လ ၃ ရက်တွင်လည်း မင်းပြားမြို့နယ်ရှိ တိုင်းဗဟို(၉)အနီးတွင် ဝါးခုတ်ရန်သွားသည့် အထက်ခချီးမြောင်ကျေးရွာမှ ကိုမောင်လှထွန်း (၂၈ နှစ်)မှာ မိုင်းပေါက်ကွဲမှုဖြစ်၍ ဘယ်ဖက်ခြေတစ်ဖက်ပြတ်ထွက်သွား၍ လက်ရှိတွင် မင်းပြားမြို့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိနေသည်။
အလားတူ ဇူလိုင်လ ၁ ရက်ကလည်း ခမရ ၃၇၅ တပ်ရင်းအနီးတွင် နွားလိုက်ရှာသည့် ဝက်မှိုင်းကျေးရွာသား ဦးသန်းစိန်မောင် (၄၅ နှစ်)မှာ မိုင်းနင်းမိကာပေါက်ကွဲမှုဖြစ်၍ ခြေထောက်တစ်ဖက်ပြတ်ထွက်သွားသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ဇူလိုင်လ ၂ ရက်တွင် သေဆုံးသွားခဲ့သည်။ (NN-11)

ဆက်စပ် သတင်းများ