ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

AA တပ်စခန်းကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဟု AAပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 6.9k

နိရဥ္စရာ၊ ဇူလိုင် ၄ / ၂ဝ၂၂
ရက္ခိုင့်တပ်တော်(AA)တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိလာရောက် ဗုံးကြဲတိုက်ခိုက်ခြင်းဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာကို ပြောသည်။
"ရည်ရွယ်ချက်ရှိရှိ လာရောက်တိုက်ခိုက်တာလို့ ကောက်ချက်ချလို့တော့ ရတယ်။ ဘာလို့လဲဆိုရင် အဲ့ဒီနေရာက လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာနဲ့လည်း အဝေးကြီးပဲလေ။ ဒါကြောင့် တစ်စုံတစ်ရာ ရည်ရွယ်ချက်ရှိရှိ လာပြီး ဗုံးကြဲတိုက်ခိုက်တယ်လို့ သုံးသပ်လို့ရတယ်"ဟု ပြောသည်။
ယနေ့ ဇူလိုင်လ ၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင် မြန်မာ-ထိုင်း နယ်စပ်ရှိ AA တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်(၂)စီးဖြင့် လေကြောင်းမှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် AA တပ်ဖွဲ့ဝင်အချို့ကျဆုံးခဲ့ရသည်ဟု ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။
မြန်မာ- ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ(၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော်တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်(၂)စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သော်လည်း အတိအကျကို မသိရသေးကြောင်း ဦးခိုင်သုခက ပြောသည်။
"ဒီဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ထိခိုက်ကျဆုံးမှုတချို့တော့ ရှိပါတယ်။ သို့သော်လည်း အရေအတွက်အတိအကျကတော့ ကျွန်တော့်ဆီရောက်လာတာမရှိသေးပါဘူး"ဟု ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် တပ်စခန်းအတွင်းရှိ ဆေးရုံဆေးခန်း၊ စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လာရောက်တိုက်ခိုက်သည့်အကြောင်းအရင်းကို AA အနေဖြင့် စုံစမ်းသုံးသပ်နေဆဲဟု ဦးခိုင်သုခက ပြောသည်။
"ဘာကြောင့် လာရောက်တိုက်ခိုက်လဲဆိုတဲ့ကိစ္စကိုတော့ အခြေနေအရပ်ရပ်ကို သေသေချာချာ စုံစမ်းပြီးသုံးသပ်နေတာ ရှိပါတယ်။ လောလောဆယ်တော့ ဒီလာက်ပဲ ပြောလို့ရနိုင်ပါသေးတယ်"ဟု ပြောသည်။
စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်(၂)စီးသည် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ AA တပ်စခန်းအား မြန်မာဖက်(ကရင်ပြည်ထဲ)မှ ရုတ်တရက် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိုင်းနိုင်ငံလေပိုင်နက်အတွင်းသို့ဝင်ရောက်သွားခဲ့သည်ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (NN-7)
Photos - Salween Press

ဆက်စပ် သတင်းများ