Preview

၁ လကြာစစ်တပ်တွင် ဖမ်းဆီးထားပြီးနောက် အဘောင်သားကျေးရွာ ဒေသခံသက်ကြီးပိုင်းတစ်ဦးကို ပလက်၀ရဲစခန်းသို့လွှဲပြောင်း

ဇူလိုင် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :5492
ရခိုင် သတင်း
နိရဉ္စရာ၊ ဇူလိုင် ၆/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ အဘောင်သားကျေးရွာမှ သက်ကြီးပိုင်း တစ်ဦးသည် ၁ လကြာ စစ်တပ်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံ၇ပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့တွင် ပလက်၀ရဲစခန်းသို့ လွှဲပြောင်းလိုက်ကြောင်း သိ၇သည်။
၁ လကြာဖမ်းဆီးစစ်ဆေးခံနေရသူမှာ အဘောင်သားကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ အသက် ၆၆ နှစ်အရွယ် ဦးချစ်စိန်ဖြစ်သည်။
၎င်းအား ၁ လကျော်ကြာသည်အထိ ပလက်၀အခြေစိုက်တပ်ရင်း ခလ၇ ၂၈၉ တွင် ဖမ်းဆီး စစ်ဆေးခဲ့ပြီးနောက်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့၊ ညနေ ၄ နာရီခန့်က ပလက်၀ရဲစခန်းသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း ဦးချစ်စိန်၏ မိသားစုဝင်တစ်ဦးက နိရဉ္စရာသို့ပြောသည်။
"ပလက်၀မြို့နယ်ကို ရောက်နေပါပြီ။ သုံးရက်လောက်တော့ ရှိပြီ။ မနေ့ကတော့ ရမန်တင်လို့ သူ့ကို တခါဘဲ အဝေးက တွေ့လိုက်ရတယ်။ ဘယ်ပုဒ်မနဲ့ အမှုဖွင့်ထားလဲ ဆိုတာလဲ မသိရသေးဘူး၊ မေးလို့လည်း မရဘူး။ အနားမှာ နားထောင်လို့လည်းမရဘူး၊ ခွင့်လည်းမပေးဘူး။ သူက အခု နှလုံးလည်း နေမကောင်းဘူး၊ ခန္ဓာကလည်း ဖြူဖတ်ဖြူရော်ဖြစ်နေတယ်။ အရင် ခန္ဓာနဲ့လည်း မတူတော့ဘူး၊ အရုပ်မပေါက်ဖြစ်သွားတယ်။ အဲဒီက ရဲသားတွေလည်း ပြောတယ်။ စရောက်တဲ့နေ့ကဆိုရင် လုံး၀ အခြေအနေ မကောင်းဘူးတဲ့" ဟုပြောသည်။
ဦးချစ်စိန်အား ယမန်နေ့ဇူလိုင်လ ၅ ရက်က ပလက်၀မြို့နယ်တရားရုံးတွင် ရုံးထုတ်ကာ ရမန်ယူခဲ့ပြီဖြစ်သော်လည်း မည်သည့်နေ့တွင် ရုံးထပ်မံ ချိန်းဆိုလိုက်သည်ကို မသိရသေးသလို မည်သည့် ပုဒ်မတို့ဖြင့် အမှုဖွင့် တရားစွဲဆို ထားသည်ကိုလည်း မသိ၇သေးကြောင်း မိသားစုဝင်များကပြောသည်။
ဦးချစ်စိန်သည် အဘောင်သားရွာတွင် တောင်ယာလုပ်ငန်း လုပ်ကိုင် နေသူဖြစ်ကာ ဒူးမကောင်းသဖြင့် လမ်းလျှောက်ရာတွင် တုတ်ကိုအားပြု၍ သွားနေရသူဟု သိ၇သည်။
လက်ရှိတွင် ဦးချစ်စိန်၏ကျန်းမာရေးအခြေအနေမှာ မကောင်းမွန်သဖြင့် မိသားစုများမှ ပလက်၀ရဲစခန်းသို့ ဆေးဝါးများ ပို့ဆောင်ပေးနေရကြောင်း သိ၇သည်။
ဦးချစ်စိန်အပါအဝင် အဘောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား ဦးအိုင်လှတို့ ၃ ဦးကို ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် စစ်ကောင်စီတပ်များက အဘောင်သားကျေးရွာမှ ခလ၇ ၂၈၉ တပ်ရင်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထို့နောက်တွင် အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား ဦးအိုင်လှတို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ပြီး ဦးချစ်စိန်အား ၁ လကျော်ကြာသည်အထိ ခလ၇ ၂၈၉ တွင် ဖမ်းဆီးစ စ်ဆေးခဲ့ကြောင်း သိ၇သည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပလက်၀မြို့အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့အား ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ပလက်၀မြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သား ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းအရပ်သားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ (NN-8)
ဓာတ်ပုံ - ပလက်၀ရဲစခန်း

#စစ်ရေး#ကျေးလက်နေပြည်သူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.