ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရေတပ်သင်္ဘောပေါ် နှိပ်စက်ခံခဲ့ရသည့်ကျောက်ဆိပ်ရွာသား ၅ ဦးကို ယနေ့ စစ်တွေခရိုင်တရားရုံးက ပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် ၃ နှစ်စီချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3k

နိရဉ္စရာ၊ ဇူလှိုင် ၆/ ၂၀၂၂
ရေတပ်သင်္ဘောပေါ်နှိပ်စက်ခံရသည့် ဗီဒီယိုရုပ်သံဖိုင်ကြောင့် လူသိများခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ရွာသား (၅)ဦး၏ အမှုကို ယနေ့ စစ်တွေခရိုင်တရားရုံးက အမိန့်ချမှတ်ရာ ၎င်းတို့ ၅ ဦးစလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် ထောင်ဒဏ် သုံးနှစ်စီ ချလိုက်ကြောင်း သတင်းရရှိသည်။
"ကျောက်ဆိပ်အမှုကို ဒီနေ့အမိန့်ချတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂ (က) အရ သုံးနှစ်စီချတယ်။ ချုပ်ရက်တွေခံစားခွင့်ရတယ်" ဟု အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
ကျောက်ဆိပ်အမှုတွင် ပါဝင်သူများမှာ ကိုညီညီအောင် (၂၄) နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄) နှစ်၊ ကိုမောင်ချေ(၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နှင့် ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့ဖြစ်ကြောင်း သိရသည်။
သူတို့ ၅ ဦးအပါအဝင် ကျောက်ဆိပ်ကျေးရွာမှ လူပေါင်း ၃၈ ဦးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၉ ရက်တွင် စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ယင်းအထဲမှ (၃၃) ဦး ပြန်လည် လွတ်ပေးခဲ့သော်လည်း သူတို့ ၅ ဦးကို လွှတ်ပေးခဲ့ခြင်းမရှိဘဲ ရေတပ်သင်္ဘောပေါ်တွင် အကြီးအကျယ် ညှဉ်းပမ်း နှိပ်စက်ကာ နောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သံသယဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။
၎င်းတို့ ၅ ဦးကို ၂ နှစ်ကျော်အကြာ စစ်တွေထောင်ထဲကနေ အမှုကို ရင်ဆိုင်ခဲ့ရပြီး ယနေ့တွင် စစ်တွေ ခရိုင်တရားသူကြီးက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် ထောင် (၃) နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
သူတို့ကို စစ်ကောင်စီတပ်က ဗိုလ်ကြီးတင့်နိုင်ထွန်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)ဖြင့် တရားလိုလုပ်ကာ တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်။
ရက္ခိုင့်တပ်တော်အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက် ထားပြီ ဖြစ်သဖြင့် သူတို့ ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ၅၂ (က) ဖြင့် ထောင် ၃နှစ်ချခြင်းအပေါ် ဝေဖန်စရာဖြစ်နေသည်ဟု အမည်မဖော်လိုသူ တရားရေးကျွမ်းကျင်သူတစ်ဦးက ပြောသည်။
အဆိုပါ အမှုနှင့် ပတ်သက်ပြီး လွန်ခဲ့သည့် မေလ ၅ ရက်ရုံးချိန်းတွင် စစ်တွေ ခရိုင်တရားရုံး၌ နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြပြီးနောက် တရားသူကြီးက ယခုလို အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ (NN-8)

ဆက်စပ် သတင်းများ