ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

ရခိုင်တွင် စိုက်ပျိုးစရိတ်ချေးငွေများ မချေးနိုင်ခဲ့၍ တောင်သူများတွင်အခက်တွေ့နေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 7k

နိရဉ္စရာ၊ ဇူလိုင် ၆/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများမချေးနိုင်ခဲ့၍ လယ်သမားများတွင် မိုးရာသီလယ်ယာစိုက်ပျိုးရေးကို လုပ်ဆောင်ကြရာ၌ အခက်တွေ့နေရသည်ဟု သိရသည်။
ရခိုင်တွင် ၂၀၁၈ ခုနှစ်ကတည်းက စစ်ရေးပြင်းထန်ခဲ့မှုကြောင့် တောင်သူလယ်သမားများက လယ်ယာလုပ်ငန်းများကို ကောင်းကောင်းမွန်မွန်မလုပ်ကိုင်နိုင်ခဲ့၍ အများစုသောတောင်သူလယ်သမားများမှာ စိုက်ပျိုးရေးစရိတ်ချေးငွေ များမဆပ်နိုင်ဟု သိရသည်။
ထိုသို့စိုက်ပျိုးရေးစရိတ်ချေးငွေများကို မဆပ်နိုင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ချေးငွေများ ထုတ်မချေးပေးသည့်အတွက် တောင်သူလယ်သမားများတွင် အခက်တွေ့နေရခြင်းဖြစ်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှအဖွဲ့ဝင် ဦးအောင်ကျော်မြက ပြောသည်။
“ဓာတ်မြေသြဇာနဲ့ ဒီဇယ်ဆီဈေးနှုန်းတွေမြင့်တက်တာကလည်း တောင်သူလယ်သမားတွေလယ်လုပ်ဖို့အတွက် အခက်အခဲတစ်ခုပါပဲ။ တစ်ချို့လယ်သမားတွေဆို လယ်လုံးဝမလုပ်တော့ပဲ ရပ်နားလိုက်ကြတယ်။ ဒါကိုဖြေရှင်းဖို့ အစိုးရဆီက စိုက်ပျိုးရေးစရိတ်တွေ ထုတ်ပေးဖို့လိုတယ်။ အထူးသဖြင့်ပြောချင်တာကတော့ စိုက်ပျိုးရေးဘဏ်ချေးငွေမရတာကတော့ တောင်သူလယ်သမားတွေအတွက် ပိုပြီးအခက်အခဲဖြစ်နေကြရတယ်” ဟု ပြောသည်။
ထို့အတူ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေကြသည့် တောင်သူလယ်သမားများလည်း မိမိတို့စားဝတ်နေရေးကြောင့်သာလုပ်ကိုင်နေရခြင်းဖြစ်ပြီး ထွန်ယက်စိုက်ပျိုးရေးစရိတ်နှင့် သွင်းအားစုစရိတ်များမြင့်တက်နေသဖြင့် လယ်လုပ်ရင်း အရှုံးပေါ်နေရသည်ဟု ကျောက်တော်မြို့နယ်၊ ခမောင်းတောကျေးရွာမှ လယ်သမား ဦးလှမောင်ဟန်က ပြောသည်။
 “ဒီလယ်ယာမြေကိုလုပ်ကိုင်ပြီး စားသောက်နေရတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်လုပ်ရမယ်။ မြေဆီဖိုးနဲ့ ဒီဇယ်ဆီဖိုးကိုတော့ သူများတွေဆီက အတိုးနဲ့ချေးပြီးတော့ ဝယ်ရတယ်။ ရာသီပေါ်ချိန်ရောက်ရင်တော့ အတိုးကော၊ အရင်းကော ပြန်ဆပ်ရတယ်” ဟု ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ပြီးခဲ့သည့် မေလ ၁၆ ရက်မှ ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့အထိ ဘဏ်ချေးငွေထုတ်ယူထားသည့် တောင်သူလယ်သမားစုစုပေါင်း ၁၄,၀၀၀ ခန့်ကို လယ်ဧကပေါင်း ၆ သောင်းကျော်အတွက် ဘဏ်ချေးငွေသိန်းပေါင်း ၉ ထောင်ကျော်ချေးထားပြီးဖြစ်သည်ဟု စစ်တွေရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။
ပြီးခဲ့သည့်နှစ်ကချေးယူထားသည့် ဘဏ်ချေးငွေဆပ်သူများကိုသာ ပြန်လည်ထုတ်ချေးခြင်းဖြစ်သည်ဟုလည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ) မန်နေဂျာ ဦးဘကျော်တင်က ပြောသည်။
“ဘဏ်ချေးငွေကတော့ ချေးငွေဆိုရင် အားလုံးအတူတူပါပဲ။ ကြွေးဟောင်းဆပ်မှ ကြွေးသစ်ရတာကို။ ပုဂ္ဂလိက,ကချေးရင်လည်း အရင်အကြွေးဆပ်ပြီးမှ နောက်အကြွေးပေးမှာပေါ့။ အဲ့လိုပါပဲ။ တောင်သူလယ်သမားတွေလည်း မနှစ်ကချေးထားတဲ့ငွေကို ပြန်ဆပ်ရင် ကျွန်တော်တို့က ပြန်ချေးဖို့အသင့်ပါပဲ” ဟု ပြောသည်။
အဆိုပါချေးငွေအတိုးနှုန်းမှာ ငွေ ၁၀၀ ကျပ်ကို တစ်နှစ်လျှင် ၅ ကျပ်နှုန်းဖြစ်သည်ဟုလည်း သိရသည်။
ရခိုင်တွင် ယခုနှစ်အတွင်း ဘဏ်ချေးငွေမရခြင်းနှင့်အတူ ဓာတ်မြေသြဇာ၊ စက်သုံးဆီနှင့် ထွန်ယက်စိုက်ပျိုးစရိတ်များ အလွန်တရာမြင့်တက်နေသည့်အတွက် တစ်ပြည်လုံးရှိ လယ်သမား ၅ဝ ရာခိုင်နှုန်းခန့်သည် လယ်ယာလုပ်ငန်းခွင်ကို စွန့်လွှတ်လိုက်ရသည်ဟု ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။ (NN-12)

ဆက်စပ် သတင်းများ