Preview

AA ကို ဆေးစိမ်ခြင်ထောင်ပေးသည့်စွဲချက်ဖြင့်ဖမ်းဆီးခံထားရသည့် ကျန်းမာရေးဝန်ထမ်းနှင့် ရက်ပေါင်း ၂၀ ကြာ အဆက်အသွယ်မရ၍ မိသားစုများစိုးရိမ်နေ

ဇူလိုင် ၀၈/ ၂၀၂၂ | ကြည့်ရှုသူ :8666
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၇/၂၀၂၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးအား AA ကို ဆေးစိမ်ခြင်ထောင်ပေးသည့်သံသယဖြင့် စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် ရက်ပေါင်း ၂၀ ကြာသည့်တိုင် အဆက်အသွယ်မရ၍ စိုးရိမ်နေ၇ကြောင်း မိသားစုဝင်များက ပြောသည်။
ဖမ်းဆီးခံနေရသူမှာ မောင်တောမြို့နယ်ကျန်းမာရေးဦးစီးဌာနရှိ ငှက်ဖျားဌာနမှ ဆေးဘက်ကျွမ်းကျင်(၃) ဦးစောမင်းနိုင်(၃၈ နှစ်)ဖြစ်သည်။
သူသည် ဇွန်လ ၁၉ ရက်တွင် စစ်တွေရှိ ပြည်နယ်ကျန်းမာရေးဌာနသို့ရောက်ရှိနေစဉ် နယ်လုံက စစ်ဆေးစရာရှိသည်ဟုဆိုကာ စရဖများ၏ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရဘဲ အကျိုးအကြောင်းတစ်စုံတစ်ရာမသိရှိရသောကြောင့် မိသားစုဝင်များ စိုးရိမ်နေကြကြောင်း ကိုစောမင်းနိုင်၏အဖိုးတော်စပ်သူက ပြောသည်။
"စရဖ ဖမ်းဆီးခံ၇တဲ့နေ့ကစပြီး အခုအချိန်ထိ မိသားစုနဲ့ လုံး၀အဆက်အသွယ်မရဘူး။ ဘယ်မှာထားလို့ ဘယ်မှာရှိမှန်းကိုမသိရဘူး။ အချိန်ကလည်း တဖြည်းဖြည်းကြာလာတယ်။ ရက်ပေါင်း ၂၀ နီးပါးလောက်ရှိနေပြီ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပါသွားတာ။ မိသားစုအနေနဲ့က စိုးရိမ်တယ်" ဟု ပြောသည်။
လက်ရှိတွင် ကိုစောမင်းနိုင်ကို နေပြည်တော်ကို ပို့ဆောင်ထားသည့်သတင်းများလည်း ကြားသိရ၍ မိသားစုအနေဖြင့် အထူးစိတ်မကောင်းဖြစ်ရပြီး အားကိုးရာမဲ့နေသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
"ပြည်နယ်မှူးကို နှစ်ကြိမ်၊ သုံးကြိမ် သွားတွေ့ပြီးပြီ။ ပြည်နယ်မှူးက ကောင်းကောင်းမွန်မွန်ရှိတယ်။ တပ်ရင်းတစ်ခုမှာ သိမ်းဆည်းထားတယ်လို့ ပြောတယ်။ မေးမြန်းစုံစမ်းစရာရှိသေးလို့ နောက် တစ်ရက်၊ နှစ်ရက်နေရင် ဌာနကိုလွှဲပေးမယ်လို့ စစ်တပ်ဘက်က ဇွန်လ ၃၀ ရက်နေ့က ပြောတယ်တဲ့။ နောက် ၄ ရက်နေ့ကကျတော့ အတွင်းသတင်းအရ နေပြည်တော်ကို ပို့လိုက်တယ်ဆိုပြီးတော့လည်း သတင်းတွေသိနေရတယ်။ ပြည်နယ်မှူးကို ပြန်သွားမေးကြည့်တော့ အဆက်အသွယ်မ၇တာ ၁ ရက်/၂ ရက်ရှိပြီလို့ပြောပါတယ်။ ဆိုတော့ နေပြည်တော်ကို ပို့လိုက်တာက သေချာသလောက်ဖြစ်သွားတယ်" ဟု ပြောသည်။
ငှက်ဖျားဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ယခုလို မိုးရာသီတွင် နယ်ကိုဆင်းကာ ဆေးခြင်ထောင်များကို အဖွဲ့လိုက် လိုက်ဖြန့်ဝေပေးခြင်းမှာ ပုံမှန်လုပ်ရပ်တစ်ခုသာ ဖြစ်ပြီး AA ကိုပေးသည်ဟုဆိုသည်မှာ မဖြစ်နိုင်ဟု အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက နိရဥ္စရာကို ပြောဆိုထားသည်။
လက်ရှိ ရခိုင်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အရပ်သားပြည်သူများကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မများနှင့် ဖမ်းဆီးတရားစွဲဆိုမှုများလည်းရှိနေပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူများလည်း ရှိနေကြောင်း သိ၇သည်။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.