ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စက်သုံးဆီတစ်လီတာ ကျပ် ၂ ထောင်အောက်ကျသွားသော်လည်း ဆိုင်ကြီးအချို့နှင့် လက်လီဆိုင်ငယ်များတွင် စျေးတင်ရောင်းချမှုများရှိနေဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

နိရ ဉ္စရာ၊ ဇူလိုင် ၈/၂၀၂၂
မြန်မာပြည်တွင်းစက်သုံးဆီစျေးနှုန်းများသည် ယမန်နေ့က တစ်လီတာလျှင် ကျပ် ၂ ထောင်အောက်အထိ ကျဆင်းသွားသော်လည်း ရခိုင်ရှိ ဆိုင်ကြီးအချို့နှင့် လက်လီဆီအရောင်းဆိုင်ငယ်များတွင် စျေးတင်ရောင်းချမှုများရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယခင်က 92 တစ်လီတာလျှင် ကျပ် ၂၂ဝဝ ကျော်ရှိခဲ့ရာမှ ယနေ့ဇူလိုင် ၈ ရက်တွင် ၁၉၆၅ ကျပ်၊ 95 တစ်လီတာလျှင် ယခင်က ကျပ် ၂၃ဝဝ ကျော်ရှိခဲ့ရာမှ ယနေ့တွင် ၂ဝ၇ဝ ကျပ်အထိ ကျဆင်းသွားခဲ့သည်ဟု စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
သို့ရာတွင် စစ်တွေအပါအဝင် ရခိုင်ရှိ လမ်းဘေးဆီဆိုင်ငယ်များတွင်မူ 92 တစ်လီတာလျှင် ကျပ် ၂၅၀၀ ကျော်နှုန်းဖြင့် ရောင်းချလျက်ရှိနေကာ အချို့စက်သုံးဆီဆိုင်ကြီးများတွင်လည်း ယခင်လက်ကျန်ဆီများကို ယခင်စျေးနှုန်းနှင့်သာရောင်းချမှုများလည်း ရှိနေကြောင်း စက်သုံးဆီဝယ်ယူသုံးစွဲသူများက ပြောသည်။
စစ်တွေမြို့ခံ မောင်ငွေထွန်းက "ဆီဆိုင်ကြီးတွေမှာတော့ စျေးကျပြီး ဆိုင်ငယ်တွေမှာတော့ စျေးကသိပ်မကျဘူး။ ဒီလိုဆီဆိုင်ကြီးနဲ့အငယ်တွေမှာ စျေးကကွာနေတော့ ဆိုင်ကြီးတွေမှာလူတွေက လာထည့်များတော့ ကျိတ်ကျိတ်တိုးပြီးဖြစ်ကုန်တယ်။ ဆိုင်ကြီးတွေမှာလည်း ဆီပြတ်နေတာတွေရှိတယ်" ဟုပြောသည်။
လမ်းဘေးဆီဆိုင်ငယ်များတွင် ဆီဆိုင်ကြီးများထက် စျေးပိုမြင့်တက်နေရခြင်းမှာလည်း ဆီဆိုင်ကြီးများမှ လက်လီဆိုင်ငယ်များကို ရောင်းချခြင်းမရှိဘဲ ဆီဆိုင်ငယ်များမှ ဆီရရှိနို်င်မည့်နေရာများမှ ခက်ခက်ခဲခဲသွားရောက်ဝယ်ယူနေရခြင်းကြောင့်ဖြစ်သည်ဟု လမ်းဘေးဆီဆိုင်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။
"ဆိုင်ကြီးတွေမှာ ဗူးနဲ့သွားဝယ်ရင်မရောင်းဘူးလေ။ အလွယ်တကူဝယ်လို့မရဘူး။ မရရင်ရတဲ့နေရာကို သွားပြီး ကြံဖန်ပြီးတော့ဝယ်ရတာ။ ဒါကြောင့် စျေးပိုများရတာပေါ့" ဟုပြောသည်။
စက်သုံးဆီစျေးနှုန်းများကျဆင်းလာသော်လည်း ယခုကဲ့သို့ စျေးတင်ရောင်းချနေကြဆဲဖြစ်သည့်အတွက် ဝယ်ယူသုံးစွဲသူများတွင် ငွေပိုပေးဝယ်ယူနေရ၍ အကုန်အကျများနေကြောင်း ပြောကြသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသိန်းရွှေက “တရားမဝင်ဆိုင်တွေကတော့ ဝယ်ယူခွင့်တွေမရကြဘူး။ သူတို့ကအပြင်စျေးနဲ့ ဝယ်ကြတာပေါ့။ အပြင်ကနေဝယ်ပြီးတော့ သူတို့ကပြန်ရောင်းကြတာ။ လိုင်စင်နဲ့တရားဝင်ဆိုင်တွေမှာတော့ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ စျေးနဲ့ပဲရောင်းကြတာ။ လိုင်စင်ရတရားဝင်ဆိုင်တွေမှာတော့ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ စျေးထက်ကျော်ရောင်းရင်တော့ ကျနော်တို့အရေးယူမှာပေါ့။ အပြင်မှာရောင်းတဲ့သူတွေကျတော့ ကျနော်တို့ကဘယ်လိုကိုင်တွယ်မလဲ မသိဘူး”ဟု ပြောသည်။
စစ်တွေမြို့ရှိ ဆီဆိုင်ကြီးတစ်ခုဖြစ်သည့် ရွှေရိုးမဆီဆိုင်တွင် ယနေ့စျေးနှုန်းအရ 92 တစ်လီတာလျှင် ၁၉၆၅ ကျပ်၊ 95 တစ်လီတာလျှင် ၂၀၇၀ ကျပ်၊ ဒီဇယ်ဆီတစ်လီတာလျှင် ၂၂၀၅ ကျပ်နှင့် ပရီမီယမ်တစ်လီတာလျှင် ၂၂၆၀ ကျပ်ဖြင့်ရောင်းချနေပြီး လောလောဆယ်တွင် ယင်းဆိုင်၌ 92 ဆီအမျိုးအစားမှာ ကုန်နေသည်ဟု သိရသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့်မြို့ကြီးများတွင်လည်း ယနေ့တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၈ဝဝ နှင့် ၂ဝဝဝ ကြားသာရှိပြီး ယခင်ရက်များထက် စျေးနှုန်းကျဆင်းသွားသည်ဟု သိရသည်။
စက်သုံးဆီသုံးစွဲသူများအနေဖြင့် စက်သုံးဆီဝယ်ယူသုံးစွဲရာတွင်ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဖုန်း - 09-699611116, 09-440433533, 067-411129, 067-409881 တို့ထံ သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။ (NN-8)

ဆက်စပ် သတင်းများ