တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

စစ်တွေကမ်းခြေတွင် သဲတူးသူများနှင့် မြို့တွင်းရှိ အမှိုက်ပုံများကို မွှေနှောက်ရှာဖွေသူများအား အရေးယူမည်ဟု စည်ပင်ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

နိရဥ္စရာ၊ ဇူလိုင် ၈/ ၂၀၂၂
ရခိုင်ပြည်၊ စစ်တွေမြို့ရှိကမ်းခြေသဲသောင်ပြင်ပေါ်တွင် သဲတူးသူများနှင့် မြို့တွင်းရှိအမှိုက်ပုံများကို မွှေနှောက်ရှာဖွေသူများအား မြို့နယ်စည်ပင်အဖွဲ့က အရေးယူတော့မည်ဟု သိရသည်။
စစ်တွေကမ်းခြေတွင် သဲတူးသူများမှာ မိမိတို့နေအိမ်များကိုပြုပြင်ရန်၊ မိမိတို့နေအိမ်ရှေ့ လမ်းပျက်စီးနေ၍ သဲခင်းပြီးပြုပြင်ရန်နှင့် အိမ်နှင့် တိုက်တာအဆောက်အအုံများဆောက်လုပ်ရာတွင် ရောင်းချရန်အတွက် ထော်လာဂျီများနှင့် သဲတင်ကားများဖြင့်လာရောက် သဲတူးနေကြသည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
အလားတူ မြို့တွင်းရှိ အမှိုက်ပုံများမှ အမှိုက်များကိုမွှေနှောက်ရှာဖွေသူများသည်လည်း လိုချင်သည့် ရေသန့်ဘူးခွံ၊ ဘီယာဘူးခွံများနှင့် အသုံးဝင်သည့်ပစ္စည်းများကို အမှိုက်ပုံများမှမွှေနှောက်ရှာဖွေကြပြီး လိုချင်သည်များရသွားလျှင် အမှိုက်များကို အမှိုက်ပုံထဲသို့ စနစ်တကျပြန်ထည့်မသွားကြတော့ဘဲ စည်းမဲ့ကမ်းမဲ့ပစ်ထားခဲ့မှုတို့ရှိနေခြင်းကြောင့် ထိထိရောက်ရောက်အရေးယူရန် ပြင်ဆင်နေသည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဦးစီးမှူးက ပြောသည်။
"ငွေကြေးတွေနဲ့ ဒဏ်ရိုက်တာတော့ မရှိသေးဘူး။ အထက်ကညွန်ကြားလားခဲ့ရင်တော့ ကျွန်တော်တို့က ထိထိမိမိအရေးယူဖို့တာ့ရှိတယ်" ဟု ပြောသည်။
စစ်တွေမြို့တွင် ယမန်နေ့ ဇူလိုင်လ ၇ ရက်က စစ်တွေကမ်းခြေအတွင်း သဲတူးနေသူနှင့် သံပုရာသီးလမ်းဆုံမှ အမှိုက်ပုံးများကို ဖွနေသူ စုစုပေါင်း ၆ ဦးကို မြို့နယ်စည်ပင်ရုံးသို့ခေါ်ယူကာ နောက်နောင်ထိုသို့မလုပ်ရန် ရုံးကိုသန့်ရှင်းရေးလုပ်ခိုင်းခြင်း၊ ပညာပေးပြောပြခြင်းနှင့် ခံဝန်ကတိလက်မှတ်ရေးထိုးခြင်းများပြုလုပ်ခဲ့ရသည်ဟုလည်း သိရသည်။
စစ်တွေပွိုင့်ကမ်းခြေတွင်ဆိုလျှင် တေဘာကားများဖြင့် သဲများကို ခိုးယူတူးယူမှုများရှိနေပြီး ယင်းကားများသွားသည့်လမ်းတစ်လျှောက် သဲများဖိတ်စင်ကျကျန်ခဲ့၍ ရပ်ကွက်နေပြည်သူများအတွက် စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်ဟုလည်း မြို့ခံများက ပြောသည်။
စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှ ဒေါ်ဦးဆန်းဌေးက "ကမ်းခြေက သဲတွေကို လမ်းမှာခင်းဖို့အတွက် တူးယူခဲ့လို့ လမ်းမှာခင်းမယ်ဆိုရင်တောင် မိုးရွာရင် အဲ့ဒီသဲတွေက မိုးရေနဲ့ရေစီးအတိုင်းပြန်ပါသွားတာပဲ။ အဓိပ္ပာယ်လည်းမရှိဘူး။ ဒါကြောင့်မို့ မယူတာက အကောင်းဆုံးပဲ။ အမှိုက်ကောက်တဲ့သူတွေက ဘူးခွံတွေယူပြီးပြန်ဖွခဲ့တာတွေကမကောင်းဘူး။ လမ်းသွားလမ်းလာတွေကကို အနံ့အသက်တွေဆိုးစေတယ်။ အမှိုက်တွေပွကျဲပြီး ကြည့်ရဆိုးစေတယ်။ အမှိုက်ပစ်တဲ့သူတွေက သေချာသိမ်းဆည်းပြီးပစ်လိုက်တာကို အမှိုက်ကောက်တဲ့သူတွေကဖွင့်ပြီးတော့ ကိုယ်လိုချင်တာကိုယူပြီး ဒီအတိုင်းထားပစ်ခဲ့ကြတယ်။ အဲ့ဒါကိုစည်ပင်က အရေးယူမယ်ဆိုရင်တော့ ယူသင့်တယ်။ ကျွန်မတို့လည်း ထောက်ခံတယ်" ဟု ပြောသည်။
ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ရှိ လမ်းမကြီးများအပါအဝင် လမ်းကြိုလမ်းကြားများရှိ အမှိုက်ပုံများတွင် စည်ပင်က လာရောက်သိမ်းဆည်းမှုအားနည်းခြင်းကြောင့် အမှိုက်များပြည့်နှက်ကာ မြင်မကောင်းဖြစ်နေသည်ဟု မြို့ခံများက ပြောသည်။
အမှိုက်ပစ်သူအချို့ကလည်း စည်းကမ်းမဲ့စွန့်ပစ်မှုများရှိပြီး အမှိုက်ပုံအကြား ပစ္စည်းများမွှေနှောက်ရှာဖွေသူများ၊ ခွေးလေခွေးလွင့်နှင့် ကျီးကန်းတို့ကြောင့် လမ်းမပေါ်အထိ အမှိုက်များပြန့်ကြဲနေသည့်အတွက် လမ်းသွားလမ်းလာများအတွက် စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်ဟုလည်း မြို့ခံများကပြောကြသည်။ (NN-12)
ဓာတ်ပုံ - စစ်တွေကမ်းခြေတွင် ယမန်နေ့က သဲခိုးတူးသူအချို့ ခံဝန်လက်မှတ်ထိုးခဲ့ရစဉ်နှင့် စစ်တွေရှိ အမှိုက်ပုံအချို့အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ