Preview

ရခိုင်တွင် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက တီရှပ်အင်္ကျီများ စတင်ထုတ်လုပ်

ဇူလိုင် ၀၉/ ၂၀၂၂ | ကြည့်ရှုသူ :3415
ရခိုင် သတင်း

နိရဥ္စရာ၊ ဇူလိုင် ၈/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက တီရှပ်အင်္ကျီများကို စတင်ထုတ်လုပ်နေပြီဟု သိ၇သည်။
မြောက်ဦးမြို့ ရတနာ့မာရ်အောင်တောရ ဓမ္မရိပ်သာဘုန်းကြီးကျောင်းရှိ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းမှ သင်တန်းသူများက ဇူလိုင်လအစောပိုင်းမှစတင်ကာ ထုတ်လုပ်နေခြင်းဖြစ်သည်။
ထိုသို့ချုပ်လုပ်နေသော တီရှပ်အင်္ကျီများကို ရခိုင်ပြည်ဈေးကွက်ထိ ထိုးဖောက်ပြီး တင်ပို့ရောင်းချနိုင်ရန်ကြိုးစားနေပြီဟုလည်း သင်တန်းဆရာမ ဒေါ်လှမေကျော့က ပြောသည်။
"အခုက အစမ်းချုပ်ကြည့်တာပဲရှိပါသေးတယ်။ ဈေးကွက်ထိတင်ရောင်းဖို့အတွက် ရန်ကုန်ကပိတ်စတွေမှာထားတယ်။ တီရှပ်သက်သက်ချည်းတော့ မဟုတ်ဘူး။ အမျိုးအစားမျိုးစုံထွက်မှာဆိုတော့ ဈေးနှုန်းတွေလည်း အမျိုးမျိုးသတ်မှတ်ထားတယ်။ ရခိုင်တစ်ပြည်နယ်လုံးမှာရှိတဲ့ ဈေးကွက်ကိုထိုးဖောက်ဖို့ထိ ရည်ရွယ်ထားတယ်။ ဒီလကုန်ရင် ဈေးကွက်ထဲဝင်ဖို့အတွက် ရန်ကုန်ကနေ ပိတ်စတွေမှာပြီး ချုပ်လုပ်နေတယ်"ဟု ပြောသည်။
အဆိုပါတီရှပ်အင်္ကျီများကို ရခိုင်တစ်ပြည်နယ်လုံးရှိ ဈေးကွက်သို့ တင်ပို့ရောင်းချသည့်အခါ ရခိုင်သားများက ပြည်တွင်းဖြစ်ကိုအားပေးဖို့ကို မျှော်လင့်ထားသည်ဟုလည်း သင်တန်းဆရာမ ဒေါ်လှမေကျော့က ဆက်ပြောသည်။
"ရခိုင်ကထုတ်တယ်ဆိုတော့ ၇ခိုင်သားတွေပဲ အဓိကဝယ်ယူအားပေးစေချင်တယ်" ဟု ပြောသည်။
ယခုထုတ်လုပ်နေသည့် တီရှပ်များကို အမျိုးသားဝတ်၊ အမျိုးသမီးဝတ်နှင့် ကလေးဝတ်များ စသည့် အရွယ်စုံဝတ်ဆင်နိုင်စေရန်ထုတ်လုပ်နေခြင်းဖြစ်သည်။
ရခိုင်ဒေသတွင် အထည်လုပ်ငန်းများ တွင်ကျယ်မှုမရှိဖြစ်နေချိန်၌ ယခုကဲ့သို့ တီရှပ်များကို ကိုယ်တိုင်ထုတ်လုပ်လာနိုင်၍ ဒေသအတွက် အကျိုးရှိသလို ဂုဏ်ယူစရာကောင်းသည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းက ပြောသည်။
"ရခိုင်မှာက အခုလို အထည်ထုတ်လုပ်ငန်းက သိပ်ပြီး တွင်တွင်ကျယ်ကျယ်မရှိဘူး။ ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းကလုပ်နေတော့ ၇ခိုင်ပြည်အတွက် အကျိုးဖြစ်ထွန်းမှုတစ်ခုလို့မြင်တယ်။ ပိုဂုဏ်ယူတယ်"ဟု ပြောသည်။
ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းက ယခင်ကလည်း ကလေးဝတ်အင်္ကျီ၊ ကျောင်းဝတ်စုံ အဖြူအစိမ်းများ၊ ရခိုင်ဝတ်စုံများနှင့် နွေရာသီဝတ် စပန့်အင်္ကျီများကိုလည်း မြောက်ဦးမြို့ဈေးကွက်တွင် ချုပ်လုပ်ရောင်းချခဲ့သည်ဟုလည်း သိ၇သည်။
ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး စက်ချုပ်သင်တန်းများကို ၂၀၁၇ ခုနှစ်မှ စတင်ကာ ရခိုင်ရှိ မြို့နယ်အချို့တွင် အခမဲ့ဖွင့်လှစ်နေသည်ဟုလည်း သိ၇သည်။ (NN-12)

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.