နိရဉ္စရာ၊ ဇူလိုင် ၉/၂၀၂၂
အစ္စလာမ်ဘာသာဝင်များ၏ "ကုရ်ဘာနီအီးဒ်" ပွဲတော်သည် ယခုနှစ်တွင် ဇူလိုင် ၁၀ရက်နေ့၌ ကျရောက်ကြောင်း သိ၇သည်။
၎င်းပွဲတော်အတွက် စစ်တွေမြို့တွင်နွားဈေးကို သုံးရက်တိုင်တိုင် ဖွင့်လှစ်ရောင်းချခွင့်ပြုထားရာ ယနေ့တွင် ရောင်းသူ၊ဝယ်သူများဖြင့် အထူးစည်ကားနေသည်ဟု သတင်းရရှိသည်။
၎င်းဈေးကို စစ်တွေမြို့နယ်၊သက္ကေပြင်ကျေးရွာတွင် လက်ရှိ စစ်ကောင်စီပြည်နယ်အစိုး၇၏ ခွင့်ပြုချက်ဖြင့်ဇူလိုင် ရ ရက်နေ့မှ ၉ ရက်နေ့ထိ သုံးရက်တိုင်တိုင် ခွင့်ပြုထားကြောင်း သိ၇သည်။
အဆိုပါပွဲတော်ကို ယခုနှစ်တွင် စီးပွားရေးကျပ်တည်းမှုများရှိ၍ယခင်နှစ်များကထက် စည်စည်ကားကား ကျင်းပနိုင်မည်မဟုတ်ဟုဘုမေကျေးရွာမှ မူဆလင်အမျိုးသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။
"ဒီနှစ်မှာနည်းတောင်နည်းသေးတယ်။ ဘာလို့လဲဆိုတော့ NGO တွေဆီကလည်း နွားတွေ ဘာတွေအလှူပေးတာ နည်းသွားတယ်။ ကိုဗစ်ကြောင့်လည်း စီးပွားရေးတွေကျပ်ခဲ့တော့ နွားမဝယ်နိုင်တဲ့သူတွေလည်း အများအပြားရှိနေတယ်" ဟုပြောသည်။
သို့သော်လည်း "အီဒုလ်အဿွဟ"(ကုရ်ဘာနီအီးဒ်) ပွဲတော်မှာ အစ္စလာမ်ဘာသာဝင်များ၏အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သဖြင့် ချမ်းသာသူအများစုက နွားများကို ဝယ်ယူမှုများရှိနေပြီးမရှိဆင်းရဲသားများကို ခွဲဝေ ပေးလှူသွားမည်ဟု တစ်ခြား အစ္စလာမ်ဘာသာဝင် လူကြီးတစ်ဦးကပြောဆိုသည်။
အီဒုလ်အဿွဟ"(ကုရ်ဘာနီအီးဒ်) အဓိပ္ပါယ်မှာ "အသက်စွန့်လွှတ်ခြင်း" ဟုအဓိပ္ပါယ်ရပြီး တိရစ္ဆာန်များထဲမှ ကျွဲ၊ နွား၊ ဆိတ်၊သစ်ကုလားအုတ်စသည်တို့ကို သတ်ဖြတ်ပြီး အလှူအတန်း ပြုလုပ်၇သည်ဟု ၎င်းက ပြောဆိုသည်။
ရရှိလာသော အသားများကိုဗလီကို တစ်ပုံ၊ အခြားတစ်ပုံကို မရှိဆင်းရဲသားများကို ဝေမျှကာ ကျန်တစ်ပုံကိုမိသားစုဝင်များနှင့်ညီမျှဝေကြကြောင်း သိ၇သည်။
လက်ရှိ သက္ကယ်ပြင်ဈေးတွင် နွားတစ်ကောင်၏ ပေါက်ဈေးမှာ သိန်းတစ်ဆယ်ကျော် အထက် အထိရှိနေသည်ဟု သိ၇သည်။
ကုရ်ဘာနီအီးဒ် ပွဲတော်အတွက်စစ်တွေတွင်သာမက ဘူးသီးတောင်နှင့် မောင်တောမြို့နယ် တို့တွင်လည်း နွားဈေးများကို ဖွင့်လှစ်ရောင်းချနေရာ အထူးစည်ကားနေသည်ဟု သတင်းရရှိသည်။