ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

တောင်ကုတ်တွင် သက်ငယ်မုဒိမ်းမှုဖြစ်ပွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k

နိရဥ္စရာ၊ ဇူလိုင် ၉ / ၂ဝ၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကျူးလွန်ခံရသူမှာ တောင်ကုတ်မြို့နယ် ချောင်းသုံးခွကျေးရွာမှ ၉ နှစ်အရွယ် တတိယတန်းကျောင်းသူဖြစ်ပြီး ကျူးလွန်သူမှာ သူမ၏ယောက်ဖဖြစ်သူ ထက်လင်းဇော်(ခ)ညီချေ (၂၃ နှစ်)ဖြစ်သည်။
အဓမ္မပြုကျင့်သူ ထက်လင်းဇော်သည် တောင်ကုတ်မြို့နယ် အဘေကျေးရွာတွင် မိန်းမဖြစ်သူ (ပြုကျင့်ခံရသူ၏ အစ်မ)နှင့်အတူနေထိုင်သူဖြစ်သည်။
သူသည် ယမန်နေ့ ဇူလိုင်လ ၈ ရက် ညနေ ၄ နာရီခန့်က ကလေးမလေး၏ရွာသို့ရောက်လာပြီး ကလေးမလေးအား အစ်မဖြစ်သူက အလည်လာရန်ခေါ်ခိုင်းလိုက်သည်ဟုဆိုသည့်အတွက် မိခင်ဖြစ်သူကလည်း သမက်ဖြစ်သူနှင့်အတူ ထည့်ပေးလိုက်ရာ တောင်ကုတ်မြို့နယ် သက္ကယ်ပြင်ကျေးရွာနှင့် ရွာပကာကျေးရွာကြားရှိ တောစပ်တွင် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ယင်းနောက် မိန်းကလေးငယ်၏မိန်းမကိုယ်တွင် သစ်ငုတ်ဝင်သွား၍ သွေးထွက်သွားသည်ဟုဆိုကာ ထက်လင်းဇော်ကိုယ်တိုင် သူမ၏မိခင်ထံအပ်နှံပြောဆိုပြီး တောင်ကုတ်ဆေးရုံသို့ ယမန်နေ့ ည ၁ဝ နာရီအချိန် လာရောက်ပြသခဲ့သည့်အတွက် စစ်ဆေးရာ အဓမ္မပြုကျင့်ခံရသည့်လက္ခဏာဖြစ်နေခဲ့သည်ဟု တောင်ကုတ်မြို့မရဲစခန်းမှ ရဲအုပ်ခင်မောင်ဆန်းက နိရဥ္စရာကို ပြောသည်။
“နောက်ဆုံး ကလေးမလေးက ဝန်ခံချက်ပေးတယ်။ သူ့ယောက်ဖကိုယ်တိုင်ပြုကျင့်တာပါဆိုပြီးတော့။ ဟိုလူလည်း နောက်ဆုံး ငြင်းလို့ မရလိုက်တော့ဘူး”ဟု ပြောသည်။
လက်ရှိတွင် အဓမ္မပြုကျင့်သူကို တောင်ကုတ်မြို့မရဲစခန်းက ဖမ်းဆီးထားပြီဖြစ်ပြီး အလိုမတူဘဲ သားမယားပြုကျင့်မှုပုဒ်မ ၃၇၆ ဖြင့် ယနေ့ ညနေ ၆ နာရီခွဲတွင် တောင်ကုတ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။
ယင်းပုဒ်မသည် ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ ထောင်ဒဏ်နှစ်(၂ဝ)ဖြစ်စေ ချမှတ်ခံရနိုင်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက် ညနေပိုင်းကလည်း ကျောက်ဖြူမြို့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ရေမြောင်းအတွင်း ဆော့ကစားနေစဉ် တစ်ရပ်ကွက်တည်းနေ ၁၄ နှစ်အရွယ် လူငယ်တစ်ဦး၏ အဓမ္မပြုကျင့်ခြင်းကိုခံလိုက်ရသည်။
ယင်းဖြစ်စဉ်တွင်လည်း ပြစ်မှုကျူးလွန်သူကို ကျောက်ဖြူမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ