ဗုဒ္ဓဟူး၊ မေလ ၁ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဘဏ်မန်နေဂျာတစ်ဦးကို AA က ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရဥ္စရာ၊ ဇူလိုင် ၉ / ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်၊ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာလည်းဖြစ်သူကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ညနေတွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ဖမ်းဆီးခံရသူမှာ ကျောက်တော်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်၊ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာလည်းဖြစ်သူ ဦးဝင်းနိုင်(၅၂ နှစ်)ဖြစ်သည်။
သူသည် ယနေ့ ဇူလိုင်လ ၉ ရက်တွင် ကျောက်တော်မြို့နယ် အလယ်ကျေးရွာရှိ ဆွေမျိုးများထံ မိသားစုနှင့်အတူလာရောက်စဉ် ညနေပိုင်းတွင် AA တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မြို့ခံတစ်ဦးက “ဒီနေ့ညနေပိုင်းက အလယ်ကျွန်းရွာကနေ AA က ခေါ်သွားတာပါ”ဟု ပြောသည်။
နောက်ထပ် ကျောက်တော်ဒေသခံတစ်ဦးကလည်း သူဖမ်းဆီးခံရသည်မှာ ဟုတ်မှန်ပြီး မည်သည့်အတွက် ဖမ်းဆီးခံရသည်ကို လောလောဆယ်မသိရသေးဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးခံရသူ ဦးဝင်းနိုင်၏အမျိုးသမီးကလည်း ယနေ့ညနေ ၃ နာရီခွဲခန့်မှစတင်ကာ ဦးဝင်းနိုင်နှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်ဟု နိရဥ္စရာကို ပြောသည်။
“ဖုန်းကိုလည်း ပိတ်ထားတယ်အဲလိုဖြစ်နေတယ်။ ကျမအမျိုးသားနဲ့ အဆက်အသွယ်မရသေးတော့ တခြား တစ်ခုမှလည်း မသိရသေးဘူး။ ဒီလောက်ပဲ ပြောနိုင်မယ်”ဟု ပြောသည်။
ဖမ်းဆီးခံရသူ ဦးဝင်းနိုင်သည် အလယ်ကျွန်းကျေးရွာဇာတိဖြစ်ပြီး လက်ရှိတွင် ကျောက်တော်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်၌နေထိုင်သူဖြစ်သည်ဟု လုပ်ဖော်ကိုင်ဖက်များက ပြောသည်။
လက်ရှိတွင် ကျောက်တော်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှည့်လည်နေကြသည်ဟု မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂ဝ ရက်ကလည်း ကျောက်တော်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားခဲ့သည်။
အလားတူ ဇွန်လ ၁၁ ရက်ကလည်း ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ယင်းဖြစ်စဉ်များဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ကျောက်တော်မြို့တွင် ဒေသခံအရပ်သား ၃ဝ ထက်မနည်းကို ဖမ်းဆီးခဲ့သည်။
ယင်းအနက် အချို့ကို လွှတ်ပေးခဲ့သော်လည်း ကျောက်တော်မြို့ရှိ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် အချို့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅ဝ၅(က)နှင့် နိုင်ငံတော်အကြည်အညိုပျက်စေပုဒ်မ ၅ဝ၅(ခ)တို့ဖြင့် ကျောက်တော်မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိရသည်။

ဆက်စပ် သတင်းများ