၇ခိုင်ပြည်တွင်မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင်းဒေသခံပြည်သူများ သေဆုံးဒဏ်ရာရရှိမှု မြင့်တက်နေသည့် အတွက် မြေမြုပ်မိုင်းအန္တရာယ်ကို ကာကွယ်တားဆီးနိုင်ရည်ရွယ်ပြီးမိုင်းအသိပညာပေးမှု လှုပ်ရှားမှု တခုကို ရခိုင်ပြည် အရေးပေါ် ကူညီ ကယ်ဆယ်ရေးအဖွဲ့မှ လူမှုကွန်ယက်စာမျက်နှာမှ တဆင့် ပြုလုပ်နေကြောင်းသတင်းရရှိသည်။
အဆိုပါအသိပညာပေးမှုကို ဇူလိုင်လ ၁၀ ရက်နေ့က ဖြန့်ဝေထားခြင်းဖြစ်ပြီး ကိုယ်မသိသော နေရာများကို မသွားရန်၊ သံသယဖြစ်စရာပစ္စည်းများ၏အဝေးတွင်နေရန်၊ လုံခြုံစိတ်ချ၇သော လမ်းကိုအသုံးပြုရန်၊ မိုင်းသို့မဟုတ် သံသယဖြစ်စရာ ပစ္စည်းတခုကိုတွေ့လျင် မထိမကိုင်ရန်နှင့်အဝေးတွင်နေရန်၊ လုံခြုံစိတ်ချရသော လမ်းများကို သိရှိနိုင်ရန်ဒေသခံပြည်သူများကိုမေးမြန်းရန် စသည့်အချက်များ ပါဝင်သည်။
မြေမြုပ်မိုင်းကြောင်းပြည်သူများထိခိုက်နေသည့်အတွက် မြေမြုပ်များကို လက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အသုံးမပြုခြင်းကအကောင်းဆုံးဖြစ်ကြောင်း ဇူလိုင်လ ၄ ရက်နေ့က နိရဉ္စရာ ရေဒီယို အစီအစဉ်ကို ကိုအမ်းသားကြီးက ယခုကဲ့သို့ ပြောသည်။
“မြေမြုပ်မိုင်းကြောင့် ရိုးသားတဲ့အရပ်သားပြည်သူတွေ စားဝတ်နေရေးအတွက် ရုံးကန်နေတဲ့အချိန်မှာဒီလိုမိုင်း ပေါက်ကွဲလို့ အသက်သေဆုံးတာ ကိုယ်လက်အင်္ဂါထိခိုက်တာတွေကို ကြားသိလို့ စိတ်မကောင်းဖြစ်၇တာကတော့ အမှန်ပါ။ ဒါကြောင့် ဒီလိုပြည်သူတွေထိခိုက်မဲ့ မိုင်းတွေကို မထောင်တာကအကောင်းဆုံးပါ။ မြေမြုပ် မိုင်းကို လုံး၀မသုံးသင့်ဘူး။ အခုမိုင်းတွေက အရပ်သားတွေကိုထိခိုက်အောင်လုပ်နေတာနဲ့တူတယ် ” ဟု ပြောသည်။
ဇူလိုင်လအတွင်းကျောက်တော်မြို့နယ် ဝက်မိုင်းရွာအနီးတွင်တစ်ကြိမ်၊ ဇူလိုင်လ ၃ ရက်နေ့က မင်းပြား မြို့နယ် တိုင်းဗဟို (၉)အနီးတွင် တစ်ကြိမ်၊ ဇူလိုင်လ ၄ရက်နေ့က ကျောက်တော်မြို့နယ် မျာလီကန်ကျေးရွာ အနီးတွင် တစ်ကြိမ်၊ ဇူလိုင်လ ၈ ရက်နေ့က မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာအနီးတွင် တစ်ကြိမ်နှင့် ဇူလိုင်လ ၉ ရက်နေ့က အမ်းမြို့နယ်ကဇုကိုင်းကျေးရွာ အနီးတွင်ကြိမ် မြေမြုပ်မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါမိုင်းပေါက်ကွဲမှုများကြောင်း ဒေသခံ အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး ကလေးများအပါအဝင် အရပ်သားပြည်သူ ၅ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
မိုင်းပေါက်ကွဲမှုအများဆုံးဖြစ်ပွားသည့် နေရာများမှာ စစ်ကောင်စီတပ်က တပ်စွဲထားသည့်နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားသော မိုင်းများဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြည်သူများထိခိုက်မှုမရှိအောင် မြေမြုပ်မိုင်းများကို ရန်လင်းရန်လိုပြီး ပြည်သူများကိုလည်း မိုင်းနှင့်ပတ်သတ်သည့် အသိပညာပေးမှုများ လုပ်ပေးဖို့လိုသည်ဟု ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာဖြစ်သူဦးခိုင်ကောင်းစံက ပြောသည်။
“အဓိကတော့မြုပ်ထားခဲ့တဲ့ မိုင်းတွေကို ဘယ်နေရာမှာ မြုပ်ထားလဲ။ တခါတခါ မိုင်းမြုပ်ခဲ့တဲ့ သူတွေက လက်ရှိ တပ်ထဲမှာရှိနေသေလား ဆိုတာကလည်းအန္တရာယ်တစ်ခု ဖြစ်တယ်။ နောက်တခုက နှစ်ဘက်ညှိနိုင်းပြီး မြေမြုပ်မိုင်းတွေကို ရှင်းလင်းပေးဖို့လိုတယ်။နောက်ပြီး ပြည်သူတွေကိုလည်း မိုင်းနဲ့ပတ်သတ်တဲ့ အသိပညာ ပေးမှုတွေ လုပ်ဖို့လိုသလို မိုင်းနဲ့ပတ်သတ်လို့ရှောင်ရန် ဆောင်ရန်တွေကိုလည်း သိဖို့လိုတယ်” ဟု ၎င်းကပြောသည်။
လွန်ခဲ့သည့်မေလနှင့်ဇွန်လအတွင်းကလည်း ၇ခိုင်ပြည် အမ်း၊ မြေပုံ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ပုဏ္ဏားကျွန်းနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်များတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ ၅ ဦသေဆုံးပြီး ရ ဦးဒဏ်ရာရှိခဲ့သည်။
စစ်ကောင်စီတပ်ကမြေမြုပ်များကို စည်းကမ်းမဲ့ထောင်ထားပြီး စွန့်ပစ်ထားခြင်းက ပြည်သူများ အသက် အန္တရာယ်ကိုထိခိုက်စေသည့်အပြင် ပြည်သူများ နိတဓူ၀ အသက်မွေးဝမ်းကျောင်းအတွက် သွားလာ လှုပ်ရှား မှုကိုလည်းအလွန်အန္တရာယ်ရှိသည်ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မကြာသေးမီကသတင်းမီဒီယာများကို ပြောဆိုထားသည်။ (NN-14)
(ဓာတ်ပုံ- ကျောက်တော်မြို့နယ် မဟာမုနိစစ်ရှောင်စခန်းတွင် ကလေးငယ်များအား မိုင်းအသိပေးမှုပို့ချနေစဉ်)