နိရဉ္စရာ၊ ဇူလိုင် ၁၁/၂၀၂၂
ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ် ကံပြင်ကျေးရွာမှ အေအေနှင့် ဆက်စပ်သူဟု သံသယရှိသူ တစ်ဦး၏ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ကဝင်ရောက်ရှာဖွေပြီး ငွေကျပ် ၄ သိန်းနှင့် ရွှေနားကပ်တစ်ရံကိုယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါကံပြင်ကျေးရွာမှကိုအောင်ကျော်နိုင်ဆိုသူ၏နေအိမ်ကို ယမန်နေ့ ဇူလိုင်လ ၁၀ ရက်၊ နံနက် ၁၀နာရီခန့်က အင်အား ၅၀ ခန့်ပါဝင်သည့် စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေပြီးယခုကဲ့သို့ ငွေနှင့် ရွှေထည်ပစ္စည်းများကို ယူဆောင်သွားခြင်းဖြစ်ကြောင်းအမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။
"ကိုအောင်ကျော်နိုင်ကို မတွေ့လို့ဒါတွေကို ယူသွားတာ။ အမှန်က ဒါမျိုးကတော့ လုယက်မှုအဆင့်ကို ရောက်သွားပါပြီ။ တရားခံတစ်ယောက်ဖြစ်ဖြစ်၊မသင်္ကာတဲ့သူ တစ်ယောက် ဖြစ်ဖြစ် ဒီလိုလုပ်စရာမလိုဘူး" ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်သားများက ငွေကျပ် ၄ သိန်းနှင့်ရွှေနားကပ်တစ်ရံကို မည်သို့ သိရှိပါသလဲဟုဆက်လက် မေးမြန်းရာ ၎င်းက မိသားစုများက ယင်းစစ်သားများယူဆောင်သွားသော စာရင်းကိုပြုစုထားကြောင်း၊၎င်းစာရင်းကို ရပ်ရွာအတွင်းတာဝန်ရှိ လူကြီးများကိုတိုင်ကြားထားရာမှ သိရှိ၇ခြင်းဖြစ်ကြောင်းပြောကြားသည်။
ယခု ကိစ္စနှင့်ပတ်သက်ပြီး ကံပြင်ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်ဌေးကို ဆက်သွယ်မေးမြန်းရာယခုကိစ္စကိုသူမသိရှိဟု ပြောသည်။
"အဲဒီတုန်းကကျနော်တို့မပါဘူး၊ ကျနော်လည်း ဘာတခုမှ မသိလိုက်ဘူး။ကျနော့်ကို စစ်သားတွေ ရွာထဲ ဝင်သွားတဲ့အခါရော၊ ထွက်သွားတဲ့အခါရောဘာတစ်ခုမှမပြောခဲ့ဘူး။ သူတို့(စစ်တပ်)ကအနီးအနားအိမ်ကလူတွေကိုသက်သေခေါ်ပြီး ဝင်စစ်ခဲ့တယ်ပြောတယ်။ သူ့ကို လာစစ်၇တဲ့ အကြောင်းအရင်းလည်း ကျနော့်ကို ဘာတခုမှမပြောခဲ့ဘူး။ မသိ၇ဘူး" ဟုပြောသည်။
ကိုအောင်ကျော်နိုင်၏အိမ်ကိုစစ်ကောင်စီတပ်က လာရောက်မရှာဖွေမီ တစ်ရက်အလိုတွင် ရွာမရဲစခန်းမှရဲစခန်းမှူးက ကိုအောင်ကျော်နိုင်အား စခန်းသို့လာရောက်ရန်သမ္မာန်စာဖြင့်ခေါ်ခဲ့ပြီး ကိုအောင်ကျော်နိုင်ကသွားရောက်ခဲ့ခြင်းမရှိသဖြင့်ယခုကဲ့သို့ သူ၏အိမ်ကို မွှေနှောက် ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီးကာယကံရှင်မိသားစုသို့ ဆက်သွယ်ရာ ကိုအောင်ကျော်နိုင်မှာ ထွက်ပြေးတိမ်းရှောင်နေ၇ပြီးမိသားစုများမှာလည်း ပုန်းအောင်းနေသဖြင့် ဆက်သွယ်၍ မ၇ရှိခဲ့ပါ။
ယခုကဲ့သို့ဝင်ရောက်ရှာဖွေခဲ့သည့်ဖြစ်စဉ်ကြောင့်ကံပြင်ရွာမှ လူငယ်အမျိုးသားအချို့လည်းစိုးရိမ်ကာရှောင်တိမ်းနေ၇သည်ဟုလည်းဒေသခံများက ပြောသည်။
လက်ရှိတောင်ကုတ်မြို့နယ်တွင်၇ခိုင်အခြေစိုက် တပ်ရင်း (၃၄၆) ၊ (၅၄၄)၊ (၅၅)နှင့် ဗမာပြည်ဘက်မှချထားသည့် တပ်ရင်း(၈၉၅) တပ်တို့ပူးပေါင်းကာ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်းဒေသခံများက ပြောသည်။ (NN-8)
ဓာတ်ပုံ- ပုံဟောင်း