ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

“ကုရ်ဘာနီအီးဒ်" ပွဲ မူဆလင်ကျောင်းသားများနှင့် ရခိုင်လူမှုအဖွဲ့အစည်းတို့ အတူတကွ ပါဝင်ဆင်နွှဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k

နိရ ဥ္စရာ၊ ဇူလိုင် ၁၁/၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မူဆလင်တက္ကသိုလ်ကျောင်းသားများဦးဆောင်၍ ရခိုင်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)" ပွဲကို ပထမဆုံးအကြိမ်အဖြစ် ယနေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲကို ယနေ့ဇူလိုင်လ ၁၁ ရက်၊ ညနေ ၃ နာရီက စစ်တွေမြို့ရှိ SS စားသောက်ဆိုင်တွင် မူဆလင်ကျောင်းသားများဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရခိုင်ရှိ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ ရခိုင်မျိုးနွယ်စုဝင်များ၊ NGOအဖွဲ့အစည်းများက တက်ရောက်ခဲ့ကြသည်။
အဆိုပါပွဲဖြစ်မြောက်ရန်အတွက် ကြိုးပမ်းခဲ့သည့် မူဆလင်ကျောင်းသားကိုဇော်မင်းထွန်းက "ကျနော်တို့ ဒီပွဲလုပ်ရတဲ့ရည်ရွယ်ချက်က ကျနော်တို့ပွဲလုပ်နေတဲ့ ပျော်နေတဲ့အချိန်မှာ ရခိုင်ပြည်မှာရှိတဲ့လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ ပွဲကျင်းပတဲ့အခြေအနေကို တွေ့မြင်ချင်လို့ ပွဲတစ်ခုစီစဉ်ရတာဖြစ်ပါတယ်။ အခုလိုကျနော်တို့ပွဲမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတက်ရောက်ပေးတဲ့အတွက်လည်း ကျနော်တို့တူတူပျော်နေတဲ့အချိန်မှာ ရှိနေပေးတဲ့အတွက်လည်း ကျနော်တို့အများကြီးဝမ်းသာတယ်" ဟုပြောသည်။
ထို့အပြင် ယခုကဲ့သို့ပွဲဖြစ်မြောက်ခဲ့ရသည့်အတွက်လည်း ရခိုင်ပြည်ရှိ လူမျိုးများအကြား သဟဇာတဖြစ်မြောက်ရေးအတွက်လည်း အထောက်အကူဖြစ်စေကြောင်း ကိုဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။
ယင်းပွဲကိုတက်ရောက်ခဲ့ကြသည့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကလည်း ယခုကဲ့သို့ လူမျိုးနှစ်ခုအကြား ဆက်ဆံရေးကောင်းမွန်စွာတည်ဆောက်လာနိုင်ပုံကို ဝမ်းသာကြိုဆိုပြီး ယခုကဲ့သို့စည်းလုံးညီညွတ်မှုဖြင့် သွေးမကွဲဘဲ ဆက်လက်ရှေ့ဆက်သွားကြရန်ကိုလည်း အမှာစကားပြောကြားခဲ့ကြသည်။
ရခိုင်ပြည်တွင် ယခုကဲ့သို့အတူတကွ ပွင့်ပွင့်လင်းလင်းနှင့်ပွဲတော်များကျင်းပလာနိုင်သည်မှာ အဆိုးထဲကအကောင်းဖြစ်ပြီး နိုင်ငံရေးပြောင်းလဲမှုထဲတွင် တိုးတက်မှုတစ်ရပ်ဖြစ်သည်ဟု မှတ်ချက်ပြုနိုင်ကြောင်း ပွဲသို့တက်ရောက်လာသည့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုလွင်မြင့်က ပြောသည်။
"နောက်ထပ်လည်း အခြားကဏ္ဍတွေကို ဒီလိုစည်းစည်းလုံးလုံးနဲ့ ဖြတ်ကျော်နိုင်ဖို့လို့ မျှော်လင့်ပါတယ်။ အဲလိုမျိုးလည်း ဖြစ်စေချင်တယ်။ ဒါကလည်း ခေတ်စနစ်အရ ပြောင်းလဲလာတဲ့အခြေအနေတွေနဲ့လည်းဆိုင်ပြီး မတူကွဲပြားမှုတွေကို လက်ခံနိုင်လာတဲ့အနေအထားတွေလည်း ရောက်လာတဲ့အခါ အပျက်သဘောထက် အပြုသဘောတွေကို ဆောင်တဲ့လက္ခဏာတွေကိုမြင်တဲ့အတွက် ကောင်းတယ်လို့ ကျနော်မြင်တယ်" ဟုပြောသည်။
အဆိုပါပွဲသို့ စစ်တွေရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသားသမဂ္ဂများ၊ မူဆလင်တက္ကသိုလ်ကျောင်းသူ/သားများ၊ All arakan Youths Association အဖွဲ့၊ အခြေခံကျောင်းသားများ သမဂ္ဂ၊ Women Generation အဖွဲ့၊ ပီချောင်းအင်စတီကျု၊ ကမန်နှင့် အခြားမျိုးနွယ်စုဝင်လူမျိုးများလည်း တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသူများကို မူဆလင်တို့၏ ရိုးရာမုန့်များဖြင့်လည်း တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြသည်။
အဆိုပါပွဲသို့တက်ရောက်ခဲ့သည့် မူဆလင်တက္ကသိုလ်ကျောင်းသူ မနော်ကီယာကလည်း "ဒီလိုမျိုးမြင်ရတာ ဝမ်းသာပါတယ်။ အားလုံးနဲ့စကားတွေလည်းပြောခဲ့ရတာလည်း ကောင်းတယ်။ နောက်ထပ်လည်း ဒီလိုပွဲတွေဖြစ်စေချင်တယ်။ ဒီလိုပွဲတွေကိုလည်း တက်ချင်ပါသေးတယ်" ဟုပြောသည်။
နောင်အခါများတွင်လည်း ယခုကဲ့သို့လူမျိုးပေါင်းစုံနှင့် ပို၍အဆင်ပြေသောပွဲမျိုးဖြစ်အောင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ဇူလိုင်လ ၁ဝ ရက်ကလည်း ရက္ခိုင့်တပ်တော်(AA)က ရခိုင်နှင့် မူဆလင်များအကြား ချစ်ကြည်ရင်းနှီးမှုပိုခိုင်မာလာစေရန်အတွက် AA က ဖမ်းဆီးထားသည့် ဘူးသီးတောင်မြို့နယ်မှ မူဆလင်အပြစ်သား ၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ယင်းမြို့နယ်မှ မူဆလင်ဦးရေ ၄ဝဝ ကျော်အတွက် အဝတ်အထည်များကို ထောက်ပံ့လိုက်သည်ဟု သိရသည်။
အစ္စလာမ်ဘာသာဝင်များ၏ အထွဋ်အမြတ်ပွဲတော်တစ်ခုဖြစ်သည့် "ကုရ်ဘာနီအီးဒ်" ပွဲတော်သည် ယမန်နေ့ ဇူလိုင် ၁၀ ရက်တွင် ကျရောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်တို့တွင်လည်း ဆက်လက်ကျင်းပလျက်ရှိသည်ဟု သိရသည်။
ကုရ်ဘာနီအီးဒ်အဓိပ္ပာယ်မှာ "အသက်စွန့်လွှတ်ခြင်း"ဟု အဓိပ္ပာယ်ရပြီး တိရစ္ဆာန်များထဲမှ ကျွဲ၊ နွား၊ ဆိတ်၊ သစ်ကုလားအုတ်စသည်တို့ကို သတ်ဖြတ်ကာ အလှူအတန်း ပြုလုပ်ရသည်ဟု အစ္စလာမ်ဘာသာဝင်များက ပြောဆိုကြသည်။(NN-8)

ဆက်စပ် သတင်းများ