ပုဏ္ဏားကျွန်း-ရသေ့တောင်ကားလမ်းကို ရက်ပေါင်းနှစ်ဆယ်ကျော်ကြာသည်အထိ ပိတ်ထား၍ ဒေသခံကားသမားများ စားဝတ်နေရေးအခက်အခဲနှင့်ကြုံနေရ


နိရဉ္စရာ၊ ဇူလိုင် ၁၃/၂၀၂၂

 

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှ ပုဏ္ဏားကျွန်းမြို့ကို ဆက်သွယ်ထားသည့်  ကားလမ်းကို စစ်ကောင်စီက ရက်ပေါင်းနှစ်ဆယ်ကျော်ကြာသည်အထိ ပြန်မဖွင့်ဘဲ ပိတ်ထားသဖြင့် ဒေသခံကားသမားများမှာ စားဝတ်နေရေးအခက်အခဲနှင့် ကြုံနေရကြောင်း ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို ယာဉ်လိုင်းပြေးဆွဲနေသည့် ကားသမားများကပြောသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်က ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခဲ့ပြီးသည့်နောက် ယင်းလမ်းကို ယနေ့ ဇူလိုင်လ ၁၃ ရက်အထိ စစ်ကောင်စီဘက်မှ ပိတ်ပင်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

လက်ရှိတွင် အဆိုပါကားလမ်းကိုပိတ်ထားသည်မှာ တစ်လနီးပါးခန့်ပင်ကြာမြင့်နေပြီဖြစ်၍ ကားလမ်းကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြသည့် ဒေသခံကားသမားများမှ အလုပ်ပျက် အကိုင်ပျက်ဖြစ်နေ၍ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း ရသေ့တောင်မြို့မှ ကားသမားတစ်ဦးကပြောသည်။

 

"အားလုံးအလုပ်ပျက်အကိုင်ပျက်ဖြစ်နေတယ်။ တချို့လူတွေဆိုရင်လည်း စားဝတ်နေရေး အဆင်မပြေဘူး။ ကားကမထွက်ရတော့ အလုပ်လည်းဘာမှ မလုပ်ရဘူး" ဟုပြောသည်။

 

အဆိုပါကားလမ်းပိတ်ထားသည်မှာ ရက်ပေါင်းနှစ်ဆယ်ကျော်ကြာမြင့်ပြီဖြစ်ကာ ယာဉ်လိုင်းများလည်း ပြေးမဆွဲရသဖြင့် အကြွေးဖြင့် ကားဝယ်ထားသည့်ငွေများကိုပင် ဆပ်နိုင်ရန်အခက်အခဲရှိနေကြောင်း ကားသမားတစ်ဦးကပြောသည်။

 

"အလုပ်ကမလုပ်ရတော့ ဝင်ငွေလည်းမရှိဘူးလေ။ ဝင်ငွေမရှိတော့ လိုင်းဆွဲဖို့အကြွေးနဲ့ဝယ်ထားတဲ့ ကားကြွေးကိုလည်း မဆပ်နိုင်ဘူး။ တစ်ဘက်မှာကလည်း မိသားစုစားဝတ်နေရေးက အခက်အခဲရှိသေးတယ်။ တော်တော်အခက်အခဲဖြစ်နေရပါတယ်" ဟုပြောသည်။

 

အဆိုပါကားလမ်းပိတ်ထားသည့်အတွက် ရသေ့တောင်- ရေချမ်းပြင်(စစ်တွေ) ရေကြောင်းလမ်းကိုသာ အသုံးပြုနေရသည့် အတွက် ကုန်စည် စီးဆင်းမှုပုံမှန်ရှိသော်လည်း အဆင့်ဆင့်သယ်ယူရသဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်ခအပိုကုန်ကျသဖြင့် ကုန်ဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

 

ထို့အပြင် ယခုရာသီသည် မိုးရာသီဖြစ်သဖြင့် လိုင်းလေထန်ကာ ရေကြောင်းနဲ့ခရီးသွားရာတွင် အန္တရာယ်များ၍ အဆိုပါကားလမ်းပြန်ဖွင့်နိုင်ရန် မျှော်လင့်နေကြကြောင်း ဒေသခံများကပြောသည်။

 

ထို့အပြင် အဆိုပါလမ်းပိတ်ထားသဖြင့် ရသေ့တောင်မြို့တွင် အောက်တိန်းဆီတစ်လီတာကို ကျပ် ၃၀၀၀ ကျော်ဝန်းကျင်ဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း ဒေသခံများက ပြောသည်။

 

ပုဏ္ဏားကျွန်းတွင် ဇွန်လ ၁၆ ရက်က စစ်ကောင်စီတပ်ဖွဲ့ ၁ ဦးနှင့် စစ်တွေတွင် ဇွန်လ ၂၃ ရက်က စစ်ကောင်စီအရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးတို့ကို AA က ဖမ်းဆီးသွားပြီးနောက် ယခုကဲ့သို့ ပုဏ္ဏားကျွန်းနှင့် စစ်တွေတွင် ကားလမ်းနှင့် ရေလမ်းကြောင်းတို့ကို ပိတ်ပင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

စစ်တွေမြို့မှ အခြားမြို့နယ်များသို့ပြေးဆွဲသည့် ရေယာဉ်လိုင်း အသီးသီးကိုလည်း ဇွန်လ ၂၄ ရက်မှစတင်ကာ ၈ ရက်ကြာရပ်နားခိုင်းခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့ကမှ ပြန်လည်ပြေးဆွဲခွင့်ပေးခဲ့သည်။ (NN-8)

Share: