အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

စစျတှမွေို့ပျေါရပျကှကျမြားရနေစျမွုပျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.5k

(နွေဆိုရေရှားပြီး မိုးဆိုရေနစ်မြုပ်သော မြို့တော်စစ်တွေ၏ ရေပြဿနာအစိုးရအဆက်ဆက် မဖြေရှင်းနိုင်)
နိရဉ္စရာ၊ ဇူလိုင် ၁၃/၂၀၂၂
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ရေစီးရေလာစနစ် မကောင်းမွန်၍ မိုးရာသီရောက်တိုင်း မြို့ပေါ်ရပ်ကွက်အများစုမှာ ရေနစ်မြုပ်ကြရာ ယခုနှစ် မိုးရာသီတွင်လည်း မိုးများသောနေ့များတွင် ရပ်ကွက်အများအပြားတွင် ရေနစ်နေသည်ဟု ဒေသခံများကပြောသည်။
ထိုကဲ့သို့ ရေနစ်မြုပ်သည်မှာ ရခိုင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့တွင် တာဝန်ရှိသလို စစ်တွေမြို့ပေါ်ရှိ ဒေသခံများတွင်လည်း တာဝန်ရှိသည်ဟု စစ်တွေမြို့ခံ တစ်ဦးက ပြောသည်။
စည်ပင်တာဝန်ရှိသူများအနေဖြင့် ရေမြောင်းများကို နှစ်စဉ်နှစ်တိုင်း မရှင်းလင်းခြင်း၊ အမှိုက်များကို စနစ်တကျ သိမ်းဆည်းမရှင်းနိုင်ခြင်း၊ လမ်းရေမြောင်းများ၊ ပလက်ဖောင်းထိ တိုးချဲ့ကာ စျေးဆိုင်ဆောက်ခြင်း အဆောက်အဦ တိုးချဲ့ခြင်းများကို မဖယ်ရှားနိုင်ခြင်းတို့ကြောင်း ဖြစ်သည်ဟု ၎င်းက စစ်တွေမြို့ခံက ပြောသည်။
စစ်တွေ ဒေသခံအချို့ကလည်း ရပ်ကွက်တွင်းရှိ ရေဆင်းမြောင်းများတွင် အမှိုက်များကိုပစ်ခြင်း၊ အမှိုက်သရိုက်များကို စနစ်တကျထိန်းသိမ်းပြီးမပစ်ခြင်း၊ ရေမြောင်းများကိုဖို့ကာ ဈေးဆိုင်ခန်းများ၊ အိမ်များဆောက်လုပ်ခြင်းများကြောင့် ဖြစ်သည်ဟု လမ်းမတော်ရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောသည်။
အိုးတန်းရပ်ကွက်နေအမျိုးသမီးတစ်ဦးက "လမ်းတွေကလည်း ပလက်ဖောင်းထက် ပိုမြင့်နေတယ်။ မြောင်းဖောက်ထားတာကလည်း ကျဉ်းတယ်။ အမှိုက်တွေကိုလည်း တခါတလေမှပဲ လာဖော်ကြတယ်။ အိမ်ထဲကိုရေဝင်တော့ အဲဒီရေတွေပြန်ထွက်အောင် ဂေါ်ပြားတွေနဲ့ လုပ်ရသေးတော့ တော်တော်အလုပ်ရှုပ်တယ်။ ဂိုထောင်မှာလည်းပစ္စည်းတွေက ထားလို့အဆင်မပြေဘူး။ အမြင့်မှာထားရတယ်" ဟုပြောသည်။
မိုးများသည့်နေ့တိုင်း အိမ်အောက်ခြေထိ ရေဝင်နစ်မြုပ်မှုဖြစ်နေသဖြင့် အိမ်အောက်ထပ်တွင် ပစ္စည်းများထား၍ မရတော့သလို ချက်ပြုတ်၍လည်း မရတော့သဖြင့် များစွာအခက်အခဲနှင့် ကြုံရသည်ဟု ဆိုသည်။ စျေးဆိုင်များနှင့် ဂိုဒေါင်များတွင်လည်း ရေဝင်သဖြင့် ပစ္စည်းများကို ဘေးလွှတ်ရာသို့ ရွှေ့ရသလို မရွှေ့နိုင်၍ ပျက်စီးဆုံးရှုံးမှုများလည်း ရှိကြောင်း သူမက ပြောကြားသည်။
လက်ရှိ ရေနစ်မြုပ်မှုဒဏ်ကိုခံရသည့် ရပ်ကွက်များမှာ အိုးတန်းရပ်ကွက်၊ မိဇံရပ်ကွက်၊ ရွှေပြားရပ်ကွက်၊ မြို့သူကြီးရပ်ကွက်၊ ဆင်ကူးလမ်း၊ လမ်းမတော် ရပ်ကွက်၊ မင်းဂံရပ်ကွက်နှင့် ဆတ်ရိုးကျ တံတားအောက်ရှိ လူနေအိမ်များ ဖြစ်ကြသည်ဟု သိရသည်။
အဆိုပါရေစီးရေလာစနစ်ကောင်းမွန်ရန်အတွက် ရေဆင်းမြောင်းများကို အစိုးရက စနစ်တကျ တူးဖော်ပေးသင့်သလို ပြည်သူများကလည်း ကိုယ့် အသိစိတ်ဓာတ်ဖြင့် စည်းကမ်းများလိုက်နာကဆောင်ရွက်သင့်သည်ဟု အမျိုးသမီးတစ်ဦးက ပြောသည်။
"စည်ပင်ကိုပဲ အားကိုးနေလို့လည်းမရတော့ဘူး။ သူတို့ဟာနဲ့ သူစားဖို့တောင် မလောက်ဘူး။ ကိုယ်တို့ကိုယ်တိုင် ထိုင်ကြည့်နေလို့ မရဘူး။ ကိုယ့်အိမ်ရှေ့က မြောင်းတွေ၊အမှိုက်တွေကို ဝိုင်းဝန်းပြီး တူးဖော်မှုလုပ်သင့်တယ်" ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့နယ်စည်ပင်ကို ဖုန်းနှင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ရခိုင်ပြည်နယ်တွင် စစ်တွေမြို့သည့် ပြည်နယ်မြို့တော်ဖြစ်သည်သာမက ရခိုင်လူမျိုးအားလုံးကို ကိုယ်စားပြုသော မြို့တော်တစ်ခုဖြစ်သော်လည်း စစ်ကောင်စီအပါအ၀င် အစိုးရအဆက်ဆက်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင်း နွေရာသီ ရောက်လျှင်ရေရှားပြီး မိုးရောက်လျှင် ရေကြီးသောဒဏ်ကို နှစ်စဉ် ခံစားနေရသည်ဟု ဒေသခံပြည်သူများက ပြောဆိုသည်။ (NN-8)
(စစ်တွေမြို့ထဲ ရပ်ကွက်တချို့တွင် လမ်းများရေနစ်မြုပ်နေသည်ကို တွေ့ရစဉ်။)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ