နိရဉ္စရာ၊ဇူလိုင် ၁၃/၂၀၂၂
၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက်အမှတ်(၉)စကခအချုပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့်ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းပါ ၃ ဦးကို ယနေ့ဇူလှိုင် ၁၃ ရက်နေ့တွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးစတင်ထုတ်ကာစွဲချက်တင်ခဲ့ကြောင်း ၎င်းတို့နှင့်နီးစပ်သူများထံမှ သိ၇သည်။
ကိုဇော်ဝင်းပါ၃ ဦးကို ယနေ့ ဇူလိုင်လ ၁၃ ရက်၊ နေ့လည်ပိုင်းက ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးစတင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၎င်းတို့နှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာသို့အတည်ပြုပြောဆိုသည်။
"ဒီနေ့ကတော့စွဲချက်တင်တာပါ၊ ၅၀၅ (က)နဲ့ပေါ့။ ဒီနေ့ကတော့ စွဲချက်တင်တာမို့လို့ ကျန်တာတွေကို သိပ်မစစ်ခဲ့ဘူးထင်တယ်။စွဲချက်နဲ့ ရုံးချိန်းနဲ့ကမတူသေးဘူးလေ။ရုံးချိန်းကျမှာပဲ ရှေ့နေတွေ အပြန်အလှန်လျှောက်လဲချက် ပေးကြမယ်လို့ထင်တယ်" ဟုပြောသည်။
၎င်းတို့၃ ဦးအား ယနေ့ရုံးချိန်းတွင် တစ်စုံတစ်ရာစစ်ဆေးခဲ့ခြင်းမရှိသေးဘဲ လာမည့်ဇူလိုင်လ ၂၁ရက်နေ့အား ရုံးချိန်း ချိန်းဆိုလိုက်ကြောင်း သိ၇သည်။
သူတို့၃ ဦးမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း(၄၃ နှစ်)၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ တုတ်တုတ် (အိန္ဒိယသုံးဘီး) မောင်းသူဦးကျော်သန်းမောင် (၅၁ နှစ်)နှင့် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်(၂၈ နှစ်)တို့ ဖြစ်ကြသည်။
၎င်းတို့သုံးဦးစလုံးအားနိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုထားကြောင်း သိ၇သည်။
အမှုဖွင့်စဉ်ကရဲစခန်းသို့လွှဲပြောင်းမပေးခဲ့ဘဲ ကျောက်တော်အခြေစိုက် အမှတ်(၉)စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်၏အချုပ်တွင် ထိန်းသိမ်းထားခဲ့သည်ဟု သိ၇သည်။
ကျောက်တော်မြို့တွင်ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇွန်လ ၂၀ ရက်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီး သွားပြီးနောက် နောက်တစ်နေ့ ဇွန်လ ၂၁ ရက်တွင်ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု မြို့ခံများက ပြောသည်။
ယင်းအနက်ကိုဇော်ဝင်းကို ဇွန်လ ၂၁ ရက်နံနက်တွင် ကျောက်တော်မြို့ရှိ သူ၏နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီးဦးကျော်သန်းမောင်နှင့် ကိုဇော်မိုးထက်တို့ကို ကျောက်တော်မြို့ အဝင် စိုက်ပျိုးရေးသိပ္ပံလမ်းဆုံ၌ဖမ်းဆီးသွားခြင်းဖြစ်သည်။
(NN-8)