တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ရှိဆီဆိုင်ကြီးအချို့တွင် စက်သုံးဆီတစ်လီတာ ကျပ် ၁၈ဝဝ ကျော်သို့ကျဆင်းသွားသော်လည်း အချို့ဆိုင်များတွင် စျေးတင်ရောင်းနေဆဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.3k

နိရဥ္စရာ၊ ဇူလိုင် ၁၅ / ၂ဝ၂၂

ရခိုင်ပြည်နယ်ရှိ ဆီဆိုင်ကြီးအချို့တွင် စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၈ဝဝ ကျော်သို့ ကျဆင်းသွားသော်လည်း အချို့ဆိုင်များတွင် တစ်လီတာ ကျပ် ၂ ထောင်မှ ၃ ထောင်ကြား ရောင်းချနေကြဆဲဟု ဝယ်ယူသုံးစွဲသူများက ပြောသည်။

ယနေ့ ဇူလိုင်လ ၁၅ ရက်ပေါက်စျေးအရ 92 တစ်လီတာလျှင် ၁၈၆၅ ကျပ်၊ 95 တစ်လီတာလျှင် ၁၉၃၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃ရဝ ကျပ်နှင့် ပရီမီယမ်တစ်လီတာလျှင် ၂၃၃ဝ ကျပ် စျေးရှိနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်တွေရှိ ရွှေရိုးမဆီဆိုင်မှ မန်နေဂျာ ကိုအောင်ထိုက်က သူတို့ဆိုင်တွင် အစိုးရက သတ်မှတ်စျေးနှုန်း အတိုင်းသာ ရောင်းချလျက်ရှိသည်ဟု ပြောသည်။

"ကျွန်တော်တို့ဆိုင်က သတ်မှတ်ထားတဲ့စျေးနှုန်းအတိုင်းရောင်းတယ်။ သူတို့က တင်ရင် တင်ပြီးရောင်းတယ်။ စျေးလျော့ရောင်းရင် စျေးလျော့ပြီးရောင်းတယ်။ အဓိကတော့ တရားဝင်လိုင်စင်ရတဲ့ဆိုင်ဖြစ်လို့ သတ်မှတ်စျေးအတိုင်း ရောင်းပါတယ်"ဟု ပြောသည်။

သို့သော် စစ်တွေအပါအဝင် ရခိုင်ရှိ အခြားမြို့များမှဆီဆိုင်ကြီးအချို့နှင့် လမ်းဘေး ဆီဆိုင်ငယ်များတွင်မူ 92 တစ်လီတာလျှင် ကျပ် ၂ ထောင်မှ ၂၅ဝဝ ကြားတွင် ရောင်းချလျက်ရှိနေသေးသည်ဟု စက်သုံးဆီသုံးစွဲသူများက ပြောသည်။

စစ်တွေမြို့ခံ ကိုထွန်းလင်းအောင်က အစိုးရက ဆီစျေးကျတယ်သာပြောတာ။ ရခိုင်မှာဆီစျေးကတော့ တက်နေတုန်း။ ကျတယ်လို့မရှိဘူးဟု နိရဥ္စရာကို ပြောသည်။

 စစ်တွေတွင် ပြီးခဲ့သည့်ဇူလိုင် ၈ ရက်က 92 တစ်လီတာလျှင် ၁၉၆၅ ကျပ်၊ 95 တစ်လီတာလျှင် ၂ဝရဝ ကျပ်အထိ စျေးရှိခဲ့သည်။

ရခိုင်တွင် ယခင်က စက်သုံးဆီတစ်လီတာလျှင် ကျပ် ၆ဝဝ မှ ၈ဝဝ ကြားတွင် သာရှိခဲ့သော်လည်း အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားအပြီးမှစတင်ကာ တစ်လီတာလျှင် ကျပ် ၂၅ဝဝ မှ ၃ဝဝဝ ထောင်ခန့်အထိ စျေးမြင့်တက်ခဲ့ပြီး ယခု ဇူလိုင်လပထမပတ်မှစတင်ကာ စျေးနှုန်းများ သိသိသာသာ ကျဆင်း လာနေခြင်းဖြစ်သည်။

 ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်စသည့်မြို့ကြီးများတွင်လည်း ယနေ့ စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၈ဝဝ အောက်သို့ ကျဆင်းသွားသည်ဟု စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်း အတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၇၂၅ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၉၀ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၁၃၀ ကျပ် သတ်မှတ်ခဲ့သည်ဟု သိရသည်။

 စက်သုံးဆီသုံးစွဲသူများအနေဖြင့် စက်သုံးဆီဝယ်ယူ သုံးစွဲရာတွင် ကျေနပ်မှုမရှိပါက စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ဖုန်း - 09-699611116, 09-440433533, 067-411129, 067-409881 တို့ထံ သတင်းပေးတိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။ (NN-12)




ဆက်စပ် သတင်းများ