သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စစ်တွေတွင် ရေလမ်း၊ ကုန်းလမ်း အဝင်အထွက်များကို စစ်ကောင်စီက တင်းကျပ်စွာစစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 9.3k

နိရဥ္စရာ၊ ဇူလိုင် ၁၈/၂၀၂၂
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့၏ မြို့အဝင်အထွက် ရေလမ်းနှင့် ကုန်းလမ်းတို့ကို စစ်ကောင်စီက ယနေ့တွင် တင်းကျပ်စွာစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးနေသည့်နေရာများမှာ စစ်တွေမြို့ ရေကြောင်း၊ ကုန်းကြောင်း အဝင်အထွက်နေရာများဖြစ်သည့် စစ်တပ်အပိုင် ဂေါက်ကွင်းအနီးနေရာ၊ စစ်တွေအဝင် သလုံးတော်ဓာတ်စေတီအနီးရှိ တပ်ထိန်းဂိတ်မှ အဝေးပြေးဂိတ်အထိ၊ စစ်တွေအဝေးပြေးဂိတ်အနီးနှင့် ဆတ်ရိုးကျတံတားအနီးရှိ ရေတပ်စစ်ဆေးရေးဂိတ်တို့တွင် ယနေ့ ဇူလိုင်လ ၁၈ ရက် နံနက်နှင့် နေ့လယ်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကားသမားတစ်ဦးက "လမ်းလျှောက်ပြီးတော့ ကားတွေ၊ ဆိုင်ကယ်တွေ၊ ၃ ဘီး အားလုံးကို စစ်ဆေးရေးလုပ်နေတယ်။ လမ်းမှာ ဆိုင်ကယ်တွေ၊ ကားတွေပြည့်ကျပ်နေခဲ့တယ်"ဟု ပြောသည်။
ယင်းအပြင် စစ်တွေမြို့၏ ရေကြောင်းအဝင်အထွက်ဂိတ်ဖြစ်သည့် ဆက်ရိုးကျတံတားနားရှိ ရေတပ်စစ်ဆေးရေးဂိတ်တွင်လည်း ယနေ့ နံနက်ပိုင်းမှစကာ ယနေ့ညနေအထိ ရေကြောင်းအဝင်အထွက်အားလုံးကိုတင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရသည်။
မြို့ခံတစ်ဦးက "အဝင်အထွက် ဘုတ်တွေ၊ စက်လှေတွေအကုန် စစ်တယ်။ သွားရ၊ လာရတာ မလုံခြုံဘူး။ ပြီးတော့ မလိုအပ်ဘဲ ကြန့်ကြာတာပေါ့နော်"ဟု ပြောသည်။
စစ်တွေတွင် ယခုကဲ့သို့ တင်းကျပ်စွာစစ်ဆေးမှုကို ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်က စစ်ကောင်စီအရာရှိတစ်ဦးကို AA က ဖမ်းဆီးသွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြုလုပ်ခဲ့သေးသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား စစ်ရေးတင်းမာမှုများရှိနေပြီး ယနေ့ နံနက်ကလည်း ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့၍ စစ်ရေးတင်းမှာမှုများရှိခဲ့သည်။
မောင်တောမြို့နယ်မြောက်ပိုင်းတွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်သံများကြားခဲ့ရပြီး ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ (NN-7)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ