ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်ပြန် စက်လှေသမား ၁၁ ဦးတွင် ကိုဗစ်ပိုးတွေ့ထားသော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှုမရှိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3.6k

နိရဥ္စရာ၊ ဇူလိုင် ၁၈/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးဖြင့်ပြန်လာသည့် စက်လှေသမား ၁၁ ဦး၌ ကိုဗစ်ပိုးတွေ့ထားသော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိဟု သိရသည်။
နယ်စပ်ကုန်သွယ်ရေးစက်လှေသမားများကို အစကတည်းက နှာခေါင်းတို့ဖတ်တို့ကိုစစ်ဆေးခြင်း၊ ကော်ရန်တင်းများကိုလည်း စနစ်တကျထားရှိပြီး လက်ရှိ ပိုးတွေ့သူများကိုလည်း သီးသန့်ထားရှိသည့်အတွက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုမရှိနိုင်ဟု ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကနိရဥ္စရာကိုပြောသည်။
"အခုအချိန်မှာ ပြန်လို့ ပိုးတွေ့လာတဲ့သူတွေကိုလည်း သီးသန့်ရွေးထုတ်ပြီး ပရိုဆီဂျာအတိုင်းပဲဆက်လုပ်တဲ့အတွက်ကြောင့် လက်ရှိတွေ့ထားတဲ့နှုန်းနဲ့တော့ ကုန်သွယ်ရေးအပေါ်တစ်စုံတစ်ရာထိခိုက်မှာတော့ မရှိနိုင်ပါဘူး"ဟု ပြောသည်။
ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်မှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လာသည့်စက်လှေသမား ၃ ဦး၌ ကိုဗစ်ပိုး တကျော့ပြန်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဇူလိုင်လ ၁၅ ရက်အထိ စက်လှေသမား ၁၁ ဦးအထိ ကိုဗစ်ပိုး တကျော့ပြန်တွေ့ရှိထားပြီဟုလည်း ရခိုင်ပြည် ကျန်းမာရေးဌာန လက်ထောက်ညွန်ကြားရေးမှု ဒေါက်တာစိုးဝင်းပိုင်က နိရဥ္စရာကိုပြောသည်။
၄င်းတို့တွင်တွေ့ထားသည့် ကိုဗစ်ပိုးမှာ ယခု ကမ္ဘာတွင်နောက်ဆုံးပေါ် အိုမီခရွန်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 မျိုးစိတ်ဟုတ်/မဟုတ်ကိုလည်း အတည်မပြုနိုင်သေးဟု ပြည်နယ်အစိုးရက ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် အဆိုပါ ၁၁ ဦးအနက် အချို့မှာ ကျန်းမာရေးကောင်းမွန်၍ စစ်တွေဆေးရုံမှ ဆင်းသွားကြပြီဖြစ်ပြီး အချို့မှာ ဆေးရုံအတွင်း ဆေးကုသမှုဆက်လက်ခံယူနေရသည်ဟု သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်တတိယလှိုင်းဖြစ်ပွားခဲ့မှုကြောင့် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ယာယီပိတ်ထားခဲ့ရာမှ ယင်းနှစ် အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ (NN-13)
Photo - RSCCI
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ