နိရဥ္စရာ၊ ဇူလိုင် ၁၉/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ အဘောင်သားကျေးရွာမှ သက်ကြီးပိုင်းတစ်ဦးသည် စစ်တပ်ထဲတွင် ၁ လကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့၇ပြီးနောက် နားလေးသွားကာ စိတ်လေခြောက်ခြားမှုဖြစ်နေသည်ဟု ၎င်း၏မိသားစုဝင်များက ပြောသည်။
နားလေးသွားကာ စိတ်လေခြောက်ခြားမှုဖြစ်နေသူမှာ ပလက်၀မြို့နယ် အဘောင်သားကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ အသက် ၆၆ နှစ်အရွယ် ဦးချစ်စံဖြစ်သည်။
၎င်းသည်ဖမ်းဆီးမခံရစဉ်ကတည်းကပင် ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ပြီး စစ်တပ်က ဖမ်းဆီးသွားပြီးနောက်ပိုင်းတွင် အသက်အရွယ်ကြီးသူဖြစ်သဖြင့် ကျန်းမာရေးအခြေအနေပိုဆိုးသွားခဲ့ကာ နားလေးသွားခဲ့ပြီး စိတ်အခြေအနေလည်း ခြောက်ခြားနေကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။
"နားလည်း လေးတယ်။ စိတ်ကလည်း သိပ်ပြီးမနှံ့သလိုမျိုး ဖြစ်သွားတယ်။ တောင်ဆို မြောက်ပြောတယ်။ စကားပြောတာတွေလည်း ပုံမမှန်တော့ဘူး။ အရင်ကထက်စာရင် အဲလိုမျိုးတွေဖြစ်သွားတယ်။ အရင်ကစိတ်နဲ့လည်း မတူတော့ဘူး" ဟုပြောသည်။
၎င်းအား ပလက်၀အခြေစိုက်တပ်ရင်း ခလ၇ ၂၈၉ တွင် ၁ လကျော်ကြာသည်အထိ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့၊ ညနေ ၄ နာရီခန့်က ပလက်၀ရဲစခန်းသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
ယမန်နေ့ဇူလိုင်လ ၁၈ ရက်က ပလက်၀မြို့နယ်တရားရုံးတွင် ရုံးထုတ်ကာ ဒုတိယအကြိမ် ၇မန်ယူခဲ့ပြီး လာမည့် သြဂုတ်လ ၁ ရက်နေ့အား ရုံးချိန်းချိန်းဆိုလိုက်ကြောင်း သိ၇သည်။
လက်ရှိသူ့၏ကျန်းမာရေးမှာ စစ်တပ်က ပလက်၀ရဲစခန်းသို့ လွှဲပြောင်းစဉ်ကကဲ့သို့ အခြေအနေမဆိုးဝါးတော့ဘဲ ဆေးဝါးများပို့ထည့်ပေးနေရကြောင်း သိ၇သည်။
ယခုကိစ္စနှင့်ပတ်သက်၍ ပလက်၀မြို့အုပ်ချုပ်ရေးမှူး၊ မြို့မရဲစခန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့အား ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။
ဦးချစ်စံသည် အဘောင်သားရွာတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကာ ဒူးမကောင်းသဖြင့် လမ်းလျှောက်ရာတွင် တုတ်ကိုအားပြု၍ သွားနေရသူဟု သိ၇သည်။
ဦးချစ်စံအပါအဝင် အဘောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား ဦးအိုင်လှတို့ ၃ ဦးကို ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် စစ်ကောင်စီတပ်များက အဘောင်သားကျေးရွာမှ ခလ၇ ၂၈၉ တပ်ရင်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထို့နောက်တွင် အဘောင်သားကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသား ဦးအိုင်လှတို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့သည်။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁၀ နာရီခန့်က ပလက်၀မြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သား ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁ နာရီခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းအရပ်သားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)