ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင်စစ်ရေးတင်းမာမှုများနှင့်အတူဖမ်းဆီးမှုများဆက်လက်ရှိနေဆဲ၊ ပုဏ္ဏားကျွန်းမြို့ခံ ၂ ဦးအပါအဝင်လူ ၆ ဦးကို စစ်ကောင်စီကဖမ်းဆီးထားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.1k

နိရဉ္စရာ၊ ဇူလိုင် ၁၉/၂၀၂၂
စစ်ရေးတင်းမာနေသော ရခိုင်ပြည်တွင် စစ်ကောင်စီတပ်ဖွဲ့က ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ် သည်ဟု သံသယရှိသူ အရပ်သားများကို စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးမှုများရှိနေရာ ယနေ့တစ်နေ့တည်းတွင် ပုဏ္ဏားကျွန်းမြို့ပေါ်မှ အရပ်သားနှစ်ဦးနှင့် စစ်တွေမှ ကျောက်တော်သို့ ခရီးသွားသူ ဒေသခံ ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။
ပုဏ္ဏားကျွန်းမြို့ပေါ်မှ ဖမ်းဆီးခံရသူနှစ်ဦးမှာ စံပြ ရွာသာယာမှ အသက် ၅၀ အရွယ် မုန့်တိုက်လုပ်ကိုင်သူ ဦးမိုးသီးခိုင်နှင့် စံပြ လိပ်ကုန်းပြင်ရွာက အသက် ၄၀ အရွယ် ဝက်မွေးမြူရေးလုပ်နေသူ ဦးစောအေးမောင်တို့ဖြစ်ကြသည်။
ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်အာရုဏ်တက်ချိန်တွင် စစ်တပ်ဖွဲ့ တစ်ခုက ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်ထဲကို ဝင်ရောက်လာပြီး ၎င်းတို့နှစ်ဦးကို အိမ်အထိ ဝင်ရောက် ဖမ်းဆီးသွားခဲ့သည်ဟု အိမ်နီးနားချင်း တစ်ဦးက ပြောသည်။
၎င်းစစ်တပ်သည် အနီးအနားရှိ တခြားနေအိမ်များကိုလည်း ဝင်ရောက် စစ်ဆေးမှုများရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းဒေသခံ တစ်ဦးက ပြောသည်။
"အဖမ်းခံရတဲ့ ၂ ယောက်လုံးက စံပြရပ်ကွက်ကပဲ။ ရွာသာယာက တစ်ယောက် နောက် ရွာသာယာ အနီးက ရွှေနတ်ပြင်လို့လည်းခေါ်တယ်ပေါ့။ အဲ့ဒီက တစ်ယောက်ပါ။ မနက်အာရုဏ် ၄ နာရီလောက်မှာ ဝင်ဖမ်းသွားတာ။ ဘာကြောင့် ဝင်ဖမ်းတယ်ဆိုတာတော့ မသိဘူး။ ပြီးတော့ တခြား အိမ်တွေကိုလည်း ဝင်စစ်တယ်။ တချို့အပိုင်းမှာဆိုရင် ဘယ်သူမရှိဘူးလား ဆိုတာမျိုး နာမည်တပ်ပြီး စာရင်းနဲ့ လိုက်ရှာတာမျိုးတွေလည်း ရှိတယ်"ဟု ပြောသည်။
၎င်းအပြင် စစ်တွေမြို့မှ အိန္ဒိယသုံးဘီး(တုတ်တုတ်)နှင့် ကျောက်တော်သို့ သွားသည့်အရပ်သား ၄ ဦးကိုလည်း ကန်စောက် အခြေစိုက် (၅၃၉)တပ်ရင်းက ယနေ့ နံနက် ၁၁ နာရီခန့်က ဖမ်းဆီးစစ်ဆေးနေကြောင်း မျက်မြင်တစ်ဦးက ပြောသည်။
"ပြန်လွတ်ပြီလား။ မလွတ်သေးဘူးလားတော့ မသိဘူး။ သူတို့ စစ်တွေက ကျောက်တော်ကိုသွားတာလို့ ပြောတယ်။ (၅၃၉) တပ်ရင်းက ဖမ်းထားလိုက်တာ။ ဘယ်ရွာကဆိုတာတော့မသိဘူး”ဟု ပြောသည်။
ယခုဖမ်းဆီးမှုမှာ ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံရမှုနှင့် ပတ်သက်ဆက်နွယ်ခြင်း ဟုတ်/ မဟုတ်ကို မသိရသေးသလို ပြန်လွတ် မလွတ်ကိုလည်း စုံစမ်းနေဆဲဟုဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှရွှေကို ရက္ခိုင့်တပ်တော် (AA) က ဇူလိုင်လ ၁၇ ရက်နေ့က ဖမ်းဆီးသွားခဲ့သည်။
အဆိုပါ ဖမ်းဆီးမှုများနှင့် ပတ်သက်ပြီး အေအေ ပြောခွင့်ရသူ ဦးခိုင်သုခက "သူတို့ဖက်က ဖမ်းလို့ ရှိရင်တော့ ကျနော်တို့ကလည်း ဒါ ပြန်ပြီးတော့ ဖမ်းရမှာပဲ။ ဒါကြောင့်မို့လို့ အခုဒီ ရခိုင်ပြည်အနှံ့မှာ တစ်ဖက်နဲ့ တစ်ဖက် ဖမ်းဆီးမှုတွေက တောက်လျောက်ဖြစ်နေတာပေါ့"ဟု နိရဉ္စရာကို ပြောဆိုသည်။
ရခိုင်မှာစစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော် AA တို့ အပြန်အလှန် ဖမ်းဆီးမှုများနှင့် တင်းမာမှုများရှိနေစဉ် ဇူလိုင် ၁၈ ရက်နေ့က မောင်တော မြောက်ပိုင်းတွင် ၂ ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ကျဆုံးများကာ လက်နက် ၂၈ လက်နှင့် အတူ နယ်ခြားစောင့် ၁၄ ဦး ဖမ်းဆီးခံထားရသည်။
ယင်းအပြင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ လှုပ်ရှားမှုအပေါ်မူတည်ပြီး စစ်ပွဲအချိန်မရွေး ဖြစ်ပွားလာနိုင်၍ စစ်ရေးသတိရှိကြရန်နှင့် အလားအလာ ဆင်ခြင်ကြရန် ဦးခိုင်သုခက ပြောဆိုထားသည်။ (NN-7)

ဆက်စပ် သတင်းများ