Preview

တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တောမြောက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၅ ဦးဖမ်းဆီးခံရ

ဇူလိုင် ၂၀/ ၂၀၂၂ | ကြည့်ရှုသူ :9478
ရခိုင် သတင်း

နိရဥ္စရာ၊ ဇူလိုင် ၂၀/၂၀၂၂
ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ်မြောက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ဒေသခံ ၅ ဦး ဖမ်းဆီးခံရထားရသည်ဟု သိ၇သည်။
ဖမ်းဆီးခံထားရသူများမှာ မောင်တောမြောက်ပိုင်း ကြိမ်ချောင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်(ခ) ဦးဘုန်းကံနိုင်(၄၅ နှစ်)၊ ဦးထွန်းအေးကြိုင်(၅၀ နှစ်)၊ ဦးထွန်းချေ(၄၂ နှစ်)နှင့် ပန်းတောပြင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံထား၇သူ ၂ ဦးတို့ ဖြစ်ကြသည်။
ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ယင်းရွာမှ နောက်ထပ် ၂ ဦးကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ ယနေ့ ဇူလိုင် ၂၀ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် ကြိမ်ချောင်းဗျူဟာက ၄င်းတို့၏နေအိမ်သို့လာရောက်ကာ စစ်ဆေးစရာရှိသည်ဟုဆိုပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"ရွာက အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ယောက်ဖမ်းသွားတာပါ။ မနက် ၄ နာရီလောက်က အိမ်ကနေ လာဖမ်းသွားတာပါ။ ဖုန်းတွေလည်း သိမ်းသွားတယ်လို့ သိ၇တယ်"ဟု ပြောသည်။
အလားတူ မောင်တောမြို့နယ် ပန်းတောပြင်နယ်ခြားစောင့်စစ်ဆေးရေးဂိတ်တွင်လည်း ယနေ့နံနက်က ဒေသခံ ၂ ဦး၏ ဖုန်းများကိုစစ်ဆေးပြီး ဖမ်းဆီးထားသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
"မကျည်းချောင်းဘက်သွားတဲ့ ကားလမ်းမှာ ပန်းတောပြင်တံတားနားက စစ်ဆေးရေးဂိတ်မှာ ၂ ယောက်ဖမ်းထားပါတယ်။ ဖုန်းကိုစစ်ရာမှာ ဘာတွေ့တယ်တော့ မသိဘူး။ ပုဏ္ဏားကျွန်းမြို့နယ်က တစ်ယောက်ပါတယ်။ နောက်တစ်ယောက်ကတော့ ဘယ်ကလဲမသိဘူး။ စစ်ဆေးဖို့ခေါ်သွားတာလည်း ဖြစ်နိုင်တယ်"ဟု ပြောသည်။
ဇူလိုင် ၁၈ ရက်နေ့က မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးနောက် ယခုလို ဒေသခံများ ဖမ်းဆီးခံနေ၇ခြင်းဖြစ်သည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကအကျအဆုံးများရှိခဲ့သလို လက်နက် ၂၈ လက်နှင့်အတူ နယ်ခြားစောင့် ၁၄ ဦးကိုလည်း AA ဘက်က ဖမ်းမိခဲ့ကြောင်း AA က သတင်းထုတ်ပြန်ထားသည်။
ယင်းနောက်ပိုင်း ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာမှုများရှိနေပြီး ဒေသခံအချို့ ဖမ်းဆီးခံနေရမှုများလည်း ရှိနေသည်ဟု သိ၇သည်။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.