Preview

ရသေ့တောင်မြို့ပေါ်တွင် စစ်အင်အားအပြည့်နေရာချထား၍ စစ်ဘေးရှောင်များ ထွက်ပြေး

ဇူလိုင် ၂၀/ ၂၀၂၂ | ကြည့်ရှုသူ :442
ရခိုင် သတင်း
နိရဉ္စရာ၊ ဇူလိုင် ၂၀/၂၀၂၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့အဝင်အထွက်နေရာများနှင့် လမ်းခွဆုံတိုင်းနီးပါး၌ စစ်အင်အားအပြည့်နေရာချထားပြီး စစ်ဘေးရှောင်စခန်းတည်ရှိရာ ဘုန်းကြီးကျောင်းအချို့တွင်လည်း တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်သည် ယမန်နေ့ ဇူလိုင်လ ၁၉ ရက်၊ ညနေက မြို့အဝင်အထွက်လမ်းများတွင် နေရာချထားမှုများပြုလုပ်ခဲ့ကာ ဒေသအခေါ် တုတ်တုတ်နှစ်စီး၊ သုံးစီးခန့်နှင့် မြို့ကိုပတ်၍ ကင်းပတ်ခဲ့ပြီး ယနေ့နံနက်ပိုင်းကလည်း မြို့ထဲရှိနေရာများတွင် အင်အား ၅၀ ခန့်က လမ်းလျှောက်ကာ ကင်းလှည့်နေကြသည်ဟု ဒေသခံများက ပြောသည်။
မြို့ခံတစ်ဦးက "ပြည်သူတွေကိုကြောက်လန့်အောင် စစ်ဆင်ရေးလုပ်တဲ့သဘောမျိုးပေါ့။ သတ္တိရှိရင်တော့ လက်နက်ရှိတဲ့နေရာဆီသွားပေါ့နော်။ အခြားသူတွေကို အဆက်အသွယ်ရှိလား ဘာညာမေးနေစရာမလိုပါဘူး။ အေအေဘယ်နားမှာရှိလဲဆိုတာ သူတို့လည်း သိပြီးသားပဲ" ဟုပြောသည်။
ထို့အပြင် အဆိုပါစစ်ကောင်စီတပ်များသည် ပြားချောင်းကြီးတံတားအနီးတွင်ရှိသည့် စစ်ဘေးရှောင်များခိုလှုံလျက်ရှိသော ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းနှင့် မဏိ၇တနာဘုန်းကြီးကျောင်းတို့တွင်လည်း ယမန်နေ့ညနေ ၄ နာရီက ဝင်ရောက်စခန်းချနေထိုင်မှုများရှိနေသဖြင့် စစ်ဘေးရှောင်ပြည်သူများမှာ ကြောက်လန့်၍ ထွက်ပြေးမှုများရှိခဲ့သည်ဟု ၇သေ့တောင်ဒေသခံတစ်ဦးက ပြောသည်။
"ပြည်လုံးချမ်းသာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ သူတို့ရောက်တော့ ဒုက္ခသည်တွေကလည်း မနေရဲဘဲ ထွက်ပြေးသွားကြတယ်။ မနေရဲတာတော့ မမှားဘူးလေ။ အခုသူတို့(စစ်တပ်)က အခြေချပြီး ကင်းပုန်းစခန်းတွေနဲ့ ကတုတ်ကျင်းတွေနဲ့နေရာချထားတယ် အဲဒီမှာ။ ကျောင်းထိုင်ဘုန်းကြီးနဲ့ ကျောင်းတကာတွေကလည်း သဘောမတူဘူး။ အခုက ဝါတွင်းကာလဆိုတော့ သူတို့ရောက်နေလို့ တစ်ယောက်မှမလာရဲကြတော့ဘူး။ အများဒုက္ခရောက်တာကတော့ ဘုန်းကြီးနဲ့ ဒုက္ခသည်တွေပေါ့" ဟုပြောသည်။
လက်ရှိ ရသေ့တောင်မြို့တွင် စစ်ကောင်စီတပ်မှ အင်အားတိုးချဲ့ချထားမှုများပြုလုပ်နေသဖြင့် မြို့အဝင်လမ်းများတွင် လမ်းသွား၊ လမ်းလာများနည်းပါးနေပြီး စားကုန်ဆိုင်များမှလွဲ၍ ရွှေဆိုင် အစရှိသည့်ဆိုင်တို့မှာလည်း ယာယီပိတ်ထားကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် ရသေ့တောင်မြို့အထွက် ၇သေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းပေါ်ရှိ ပြားချောင်းကြီးတံတားကိုလည်း အဆိုပါစစ်ကောင်စီတပ် ထိန်းချုပ်နိုင်ရန်ကြိုးစားနေကြောင်း သိ၇သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်ကလည်း ရသေ့တောင်မြို့အပြင်ဘက်ရှိ ပြားချောင်းကြီးကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းတစ်ခုဝင်ရောက်လာခဲ့သဖြင့် ရွာသားများအကြား ကြောက်လန့်မှုဖြစ်ပွားခဲ့ပြီး အနီးအနားရှိဒေသခံများမှာလည်း ဖမ်းဆီးစစ်ဆေးမှုများနှင့် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်မှုများရှိခဲ့ကြောင်း သိ၇သည်။ (NN-8)
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

#စစ်ရေး#ကျေးလက်နေပြည်သူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.