အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

AA အဝင်အထွက်ရှိ၍ဟုဆိုကာ စစ်တွေရှိ မူဆလင်ကျေးရွာတိုင်းကို စစ်ကောင်စီက ကင်းစောင့်ခိုင်းနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 4.9k

နိရဥ္စရာ၊ ဇူလိုင် ၂၂ /၂ဝ၂၂
ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များ အဝင်အထွက်ရှိ၍ဟုဆိုကာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာတိုင်းကို စစ်ကောင်စီက ကင်းရုံများကို အဓမ္မဆောက်ခိုင်းပြီး ကင်းစောင့်ခိုင်းနေသည်ဟု သိရသည်။
အဆိုပါကျေးရွာများအတွင်း ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ကင်းရုံများကို ရွာအစီအစဉ်ဖြင့် ရွာအဝင်အထွက်နှင့် ရွာဘေးပတ်ဝန်းကျင်တို့တွင် တည်ဆောက်ကာ တစ်အိမ်လျှင် တစ်ဦးကျစီ အလှည့်ကျ နေ့စဉ် ည ၈ နာရီမှ နံနက် ၅ နာရီအထိ ညကင်းစောင့်နေရသည်ဟု သက္ကယ်ပြင်ကျေးရွာမှ မူဆလင်တစ်ဦးက နိရဥ္စရာကိုပြောသည်။
“AA ကလူတွေအဝင်အထွက်ရှိတယ်။ ULA က လူတွေအဝင်အထွက်ရှိတယ်။ ဒါတွေကို ရခိုင်သားသူစိမ်းဖြစ်ဖြစ်ပေါ့။ အမြဲတမ်းလာတဲ့သူမဟုတ်ဘဲ သူစိမ်းတွေဝင်တာနဲ့ သူတို့ ၃၅၄ တပ်ရင်းကို သတင်းပို့ရမယ်လို့ ပြောတယ်”ဟု ပြောသည်။
စစ်တွေမြို့နယ်ရှိ ခမရ ၃၅၄ တပ်အပါအဝင် အမြောက်တပ် ၃၇၃၊ ခလရ ၂၇၀၊ ဆသရ ၈၁၈ တပ်နယ်မြေများရှိ မူဆလင်ကျေးရွာတိုင်းကို ကင်းစောင့်ခိုင်းထားခြင်းဖြစ်သည်။
ကင်းစောင့်ရာတွင် ကင်းရုံတစ်ရုံတွင် မူဆလင်ရွာသား ၁၂ ဦးမှ ၃ဝ ဦးအထိ ညတိုင်း စောင့်နေရပြီး ပျက်ကွက်သူများကို ဒဏ်ငွေ ၃ သောင်းမှ ၆ သောင်းအထိ စစ်တပ်ထံပေးဆောင်နေရသည်ဟုလည်း မူဆလင်များက ပြောသည်။
စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာမှ မူဆလင်တစ်ဦးက “ဒီက လူတွေက တစ်နေ့စာ တစ်နေ့ရှာစားနေရတဲ့သူတွေပါ။ ညဉ့်ကင်းစောင့်ရတော့ တစ်ညလုံးမအိပ်ဘဲ ကင်းစောင့်ရတယ်။ မနက်ဆိုရင် အလုပ်ဆင်းရတယ်။ ညဉ့်အိပ်ပျက်တော့ အလုပ်မဆင်းနိုင်ဘူး။ အလုပ်မဆင်းနိုင်တော့ ဝမ်းစာရှာလို့ မရဘူး။ ဝမ်းစာရှာလို့ မရတော့ သူတို့မှာ အငတ်နေရတော့မယ်။ အဲလို ဒုက္ခမျိုးစုံနဲ့ ကြုံနေရတယ်”ဟု ပြောသည်။
စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများအနက် အချို့ကျေးရွာရှိ ဒုက္ခသည်စခန်းများတွင်လည်း ယခုကဲ့သို့ ကင်းရုံများတည်ဆောက်ကာ ကင်းစောင့်နေကြရသည်ဟု သိရသည်။
နောက်ထပ် မူဆလင်တစ်ဦးက “ရွာသားတွေက ဘယ်စောင့်ချင်ပါ့မလဲ။ သူတို့အဓမ္မလုပ်ခိုင်းလို့သာ လုပ်ရတာ။ ပြောရမယ်ဆိုရင် ကျနော်တို့ဆီမှာ တစ်ခုပြဿနာတစ်စုံတစ်ရာမရှိဘဲ ဒီလိုကင်းစောင့်ရတာက ပြောရမယ်ဆိုရင် အေးအေးချမ်းချမ်းနေတဲ့ရွာတစ်ရွာဖြစ်တဲ့အတွက် ဘာကြောင့် ကင်းစောင့်ရမလဲ”ဟု ပြောသည်။
ရွာတစ်ရွာတွင် ကင်းရုံ ၃ ရုံနှင့်အထက်တွင်တည်ဆောက်နေရခြင်းဖြစ်ပြီး ကင်းရုံ ၁ ရုံအတွက် ကျပ် ၂ သိန်းအထက်ကို ကုန်ကျနေသည်ဟု သိရသည်။
ကင်းရုံများတည်ဆောက်စဉ် ကုန်ကျစရိတ်များကိုလည်း ရွာသားများက အကုန်ခံကာ ဆောက်လုပ်နေရခြင်းဖြစ်သည်သည်ဟုလည်း မူဆလင်များက ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။
AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားသော်လည်း တစ်စုံတစ်ရာဖြေကြားခြင်းမရှိသေးပါ။
ဇူလိုင်လ ၁၈ ရက်က မောင်တောမြို့နယ် မြောက်ပိုင်းတွင် AA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပြီးနောက် လက်ရှိ ရခိုင်တွင် စစ်ရေးတင်းမာလျက်ရှိနေသည်ဟု သိရသည်။
ဓာတ်ပုံ - စစ်တွေရှိ မူဆလင်ရွာများတွင် လက်ရှိဆောက်ထားရသည့်ကင်းရုံများအားတွေ့ရစဥ်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ