နိရဉ္စရာ၊ ဇူလိုင် ၂၃/၂၀၂၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကားတစ်စီးပေါ်တင်ဆောင်လာသည့်အထောက်အထားမဲ့ လူပေါင်း ၃၀ ဦးကို ဇူလိူင်၂၂ရက်နေ့က ဖမ်းမိခဲ့သည်ဟု M.P.P(သတင်းအေဂျင်စီ)ပန်းတောင်းကသတင်းဖော်ပြသည်။
ဖမ်းဆီးခံ၇သူ ၃၀ မှာ မူဆလင်များဖြစ်ကြပြီး ယင်းအထဲတွင် အမျိုးသား ၁၂ဦး၊အမျိုးသမီး ၁၈ ဦးတို့ ဖြစ်ကြကြောင်း၊ ၎င်းတို့ကို ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ဘူးဘက်စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားပေါ်မှ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ပြောဆိုချက်အရ သိ၇သည်။
၇ခိုင်ဘက်ကနေမောင်းလာသည့် ဒညင်းသီးတင်ဆောင်လာသော ကုန်ကားထဲတွင် ခိုးဝှက်လိုက်ပါလာကြသူများဖြစ်ကြပြီး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးမိသည်ဟု ပြောဆိုသည်။
“ ဒညင်းသီးတွေတင်လာတဲ့ ကားအထဲမှာဝှက်ပြီး လိုက်လာကြတာ။ ရဲနဲ့ စစ်တပ်ပူးပေါင်းတပ်ဖွဲ့က ဥသျှစ်ပင်ဘူးဘက်တံတားဂိတ်မှာ စစ်ဆေးတော့ဖမ်းမိတာ။ အခု သူတို့ကို ဥသျှစ်ပင်မြို့မရဲစခန်းမှာချုပ်ထားပြီး စစ်ဆေးနေတယ် " ဟု၎င်းက ပြောသည်။
၎င်း ဖမ်းဆီးခံ၇သူများမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမောင်တောခရိုင်ထဲကဟု ၎င်းသတင်းတွင်ဖော်ပြထားသည်။
အလားတူ ဇွန် ၂၈ ရက်နေ့က ပဲခူးတိုင်း၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကားနှင့် တရားမဝင်တင်ဆောင်လာသော အထောက်အထားမဲ့သူ အမျိုးသမီး တစ်ဦးအပါအဝင် ၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု သိ၇သည်။
တရားမဝင်တင်ဆောင်လာသည့် ၅ ဦးအနက် သုံးဦးမှာ ဘင်္ဂလားဒေ့ရှ်၊ကော့စ်ဘဇား ခရိုင်ရှိ ဇာဟာဆူရာကျေးရွာနှင့် ဟာဇောင်းကျေးရွာတို့ကဖြစ်ပြီးကျန် ၂ ဦးမှာ၇ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သက်ကယ်ကုန်းကျေးရွာနှင့် စစ်တွေမြို့နယ်ဓားပိုင်ကျေးရွာမှ ဖြစ်ကြသည်ဟု VOMတွင် သတင်း ဖော်ပြထားသည်။
ယာဥ်မောင်းမင်းမင်းဦး (ခ)ဟာဘီဘိုလာ၊ ချစ်ဇော်နိုင် (ခ)ကမား၊ တရားမဝင်ခေါ်လာသည့် ဇော်မင်းဦးတို့၃ ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၆၇ နှင့် အမှုရေးဖွင့် အရေးယူထားသည်ဟု သတင်းတွင်ဖော်ပြသည်။