Preview

တပ်ပိုင်မြေဟုဆိုကာ သံတွဲ ဂျိုင်သာကျေးရွာတစ်ရွာလုံး ဖယ်ရှားပေးရန် ဖိအားပေးခံနေရ

ဇူလိုင် ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :1722
ရခိုင် သတင်း

နိရ ဉ္စရာ၊ ဇူလိုင် ၂၂/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကျောက္ကလပ်အုပ်စု၊ သဗြုချိုင် ဂျိုင်သာ(ပုန်းညက်)ကျေးရွာမှ နေအိမ်များသည် တပ်ပိုင်မြေတွင်နေသည်ဟုဆိုကာ တစ်ရွာလုံးဖယ်ရှားပေးရန် ဖိအားပေးခံနေရသည်ဟု သိ၇သည်။
အဆိုပါကျေးရွာတွင် နေအိမ် ၆၃ လုံးနှင့် လူဦးရေ ၃၀၀ ကျော်ရှိပြီး ဘိုးဘွားများလက်ထက်ကပင်နေထိုင်လာခဲ့ကြသော်လည်း တပ်သိမ်းမြေတွင်နေသည်ဟုဆိုကာ လာမည့် စက်တင်ဘာလအတွင်းဖယ်ရှားပေးရန် သံတွဲအခြေစိုက် ရေငုတ်နှင့် ပြန်လည်ဆယ်ယူရေးတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် အကြောင်းကြားလာခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။
အဆိုပါကျေးရွာအား ယခင်က မနက်ဖြန် ဇူလိုင်လ ၂၃ ရက်နေ့တွင်ဖယ်ရှားရန်စီစဉ်ထားခဲ့သော်လည်း ယနေ့ ဇူလိုင်လ ၂၂ ရက် ညနေပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ရေငုတ်နှင့် ပြန်လည်ဆယ်ယူရေးတပ်နှင့် ရွာသားများတွေ့ဆုံစဉ် ရွာသားများ၏တောင်းဆိုချက်အရ ဖယ်ရှားမည့်အချိန်ကို နောက်ဆုတ်လိုက်ခြင်းဖြစ်သည်ဟု သိ၇သည်။
ရွာသားတစ်ဦးက "အခုနောက်ထပ်သုံးလအချိန်ပေးတယ်။ ၉ လပိုင်း ၁၅ ရက်နေ့လောက်ကျမယ်။ နောက်ထပ်တော့မပြောလိုက်ဘူး။ အစတုန်းကတော့ ငါတို့ကတော့ မိုးတွင်းကာလကြီး ဒီလိုဖြစ်တော့ စိတ်လည်းမကောင်းဘူး။ မနေ့ကဆိုရင်ရွာမှာ ထမင်းမစားကြတဲ့သူတွေတောင် ရှိတယ်စိတ်မကောင်းလို့။ အခုတော့ပျော်နေကြ၊ စိတ်ချမ်းသာနေကြတယ်" ဟုပြောသည်။
အဆိုပါကျေးရွာမြေနေရာသည် တပ်သိမ်းမြေဖြစ်ပြီး အစိုးစီမံကိန်းရှိသည်ဟုဆိုကာ ဖယ်ရှားပေးရန် ကျေးရွာသားများအား ပြီးခဲ့သည့်ဇန်နဝါရီလမှစတင်ကာ အကြောင်းကြားစာ ၅ ကြိမ်ခန့်ပေးပို့ခဲ့ပြီဟုလည်း သိ၇သည်။
စစ်ကောင်စီဘက်မှ ၎င်းရွာသားများအား ရွာနှင့် ၅ မိုင်ခန့်ကွာဝေးသည့် "အစိမ်းမ"တောင်ထိပ်ပေါ်တွင် နေရာချပေးမည်ဟုပြောဆိုထားပြီး ရွာသားများအနေဖြင့် ရွာရှိကျောင်းသားများ ပညာသင်ကြားရန်၊ ကျန်းမာရေးကိစ္စများ၊ နွေရာသီအခါတွင် ရေရှားပါးမှုတို့၊ အလုပ်လုပ်ကိုင်ရန် အခက်အခဲရှိမှုတို့ကြောင့် ၎င်းတို့ချပေးသည့်တောင်ပေါ်တွင် လုံး၀အဆင်မပြေနိုင်ကြောင်း ဒေသခံရွာသားများက ပြောသည်။
အဆိုပါကျေးရွာဒေသခံတစ်ဦးက "သူတို့ပေးတဲ့နေရာမှာ ကိုယ်တို့ကမနေနိုင်ဘူး။ ကိုယ်တို့တောင်းတာကိုလည်း သူတို့ကမပေးနိုင်ဘူး။ သူတို့ပေးတဲ့နေရာက တောင်ပေါ်မှာ။ ပညာရေး၊ ကျန်းမာရေးတို့အတွက် အဆင်မပြေဘူး" ဟုပြောသည်။
အဆိုပါကျေးရွာတွင် စာသင်ကြားနေသည့် ကျောင်းသား ၁၀၀ ကျော်ရှိကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။
အဆိုပါဂျိုင်သာကျေးရွာသားတို့သည် ရေလုပ်ငန်းကိုလုပ်ကိုင်နေကြသူများဖြစ်သဖြင့် လက်ရှိဖယ်ရှားခံရမည့်ကျေးရွာနှင့် မနီးမဝေးနေရာများတွင်သာ နေရာချပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မ၇ခဲ့ပါ။ (NN-8)
ပုံ- ဖယ်ရှားပေးရန် ဖိအားပေးခံနေရသည့် သဗြုချိုင် ဂျိုင်သာ(ပုန်းညက်)ကျေးရွာအား တွေ့၇စဉ်
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.