Preview

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီဟု စစ်ကောင်စီကြေညာ

ဇူလိုင် ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :7919
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၅/ ၂၀၂၂
၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ပြီဟု စစ်ကောင်စီက ၄င်းတို့ပိုင်သတင်းစာများတွင် ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။
“တရားလေးဦးအပေါ် သေဒဏ်ချမှတ်ရာ အဆိုပါတရားခံလေးဦးအပေါ် အကျဉ်းထောင်လုပ်ထုံးလုပ်နည်းများအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း”ဟု ဖော်ပြထားသည်။
ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့ ၂ ဦးနှင့်အတူ နောက်ထပ် ကိုလှမျိုးအောင်နှင့် ကိုအောင်သူ၇ဇော်ဆိုသူတို့ ၂ ဦးကိုလည်း စစ်ခုံရုံးက သေဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက နိုင်ငံရေးလုပ်၍ သေဒဏ်ချမှတ်ခံလိုက်ရခြင်းအပေါ် စိတ်မကောင်းဖြစ်ရပြီး ယခုကဲ့သို့ သေဒဏ်စီရင်လိုက်ခြင်းမှာ ပြည်သူများကို တိုက်ရိုက်ခြိမ်းခြောက်လိုက်သည့်သဘောဖြစ်နေသည်ဟု သုံးသပ်ပြောဆိုသည်။
“အရင်တော့ အရင်တုန်းက တရားရေးဆုံးဖြတ်ချက်အရ သေဒဏ်ပေးတယ်ဆိုရင်လည်း သေဒဏ်တကယ်တမ်းပေးတဲ့နေ့၊ ပေးတဲ့အချိန်၊ ပေးပစ်ပြီဆိုတာကို တစ်ခါမှ ကြေညာချက်ထုတ်ခဲ့တာမရှိခဲ့ဘူး။ အဲဒါတွေကိုကြည့်ခြင်းအားဖြင့် သူတို့လုပ်တာဟာ ပြည်သူတွေကို သိစေချင်တယ်ပေါ့။ ဒီလိုလုပ်ရင် ဒီလိုခံရမယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်။ အဲလို ဖိအားပေးမှု၊ ပြည်သူတွေကို အကြောက်တရားနဲ့ ဒီဟာတွေကို မလုပ်ဆောင်ရဲအောင် ဒါ ပြည်သူကို တိုက်ရိုက်ခြိမ်းခြောက်တဲ့သဘောပေါ့နော်”ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်က ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်တို့အား သူတို့၏မိသားစုဝင်များနှင့် အင်းစိန်ထောင်တွင် Zoom မှတဆင့် ပေးတွေ့ခဲ့ပြီးနောက် သူတို့ ၂ ဦးသည် အင်းစိန်ထောင်အတွင်း သေဒဏ်စီရင်ခံလိုက်ရခြင်းဖြစ်သည်ဟု သိ၇သည်။
ဇူလိုင်လ ၂၃ ရက် စနေနေ့နံနက်တွင် စီရင်ခံလိုက်ရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ခုကိုကိုးကား၍ Myanmar Now သတင်းတွင်ဖော်ပြသည်။
ဦးဂျင်မီမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ညပိုင်းတွင် ဖမ်းဆီးခံ၇ခြင်းဖြစ်ပြီး ဦးဖြိုးဇေယျာသော်မှာ နိုဝင်ဘာ ၁၈ ရက်တွင် ဖမ်းဆီးခံ၇ခြင်းဖြစ်သည်။
ယင်းနောက် သူတို့ ၂ ဦးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်တွင် သေဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိ၇သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ထုတ်ပြန်ချက်အ၇ စစ်အာဏာသိမ်းပြီးနောက် ယခု ဇူလိုင်လအထိ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့သူပေါင်း ၁၁၇ ဦးအထိ သေဒဏ်ချမှတ်ခံထားရပြီဖြစ်ကြောင်း သိ၇သည်။
ယခုကဲ့သို့ သေဒဏ်ပေးခြင်းသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း ၂၀၂၁ ခုနှစ်အတွင်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြန်လည်ပြုလုပ်လာခြင်းဖြစ်သည်ဟုလည်း သိ၇သည်။
ယခုကဲ့သို့သေဒဏ်ပေးခြင်းကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများကပါ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလျက်ရှိသည်ဟုလည်း သိ၇သည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.