စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဒီမိုကရေစီလိုလားသူ ၄ ဦး သေဒဏ်ပေးမှုအပေါ် နိုင်ငံပေါင်း ၈ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများက ပြင်းထန်စွာရှုတ်ချကြောင်း ပူးတွဲထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.4k

နိရဥ္စရာ၊ ဇူလိုင် ၂၆ / ၂ဝ၂၂
မြန်မာနိုင်ငံတွင် ဒီမိုကရေစီလိုလားသူများနှင့် အတိုက်အခံခေါင်းဆောင် ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်ခြင်းအပေါ် ဥရောပသမဂ္ဂကိုယ်စားအထူးကိုယ်စားလှယ်နှင့် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများက ပြင်းထန်စွာရှုတ်ချကြောင်း ပူးတွဲထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ ထုတ်ပြန်လိုက်သည်။
ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်နှင့် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ကိုးရီးယားနှင့် ဗြိတိန်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများက ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက် ၁ဝ နာရီတွင် ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် “မြန်မာစစ်အာဏာရှင်မှ ဒီမိုကရေစီလိုလားသူများနှင့် အတိုက်အခံ ခေါင်းဆောင်များအား ကွပ်မျက်ခြင်းသည် ပြစ်တင်ရှုတ်ချဖွယ်ကောင်းသော အကြမ်းဖက်လုပ်ရပ်တစ်ရပ်ဖြစ်ပြီး လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဥပေက္ခာပြု လျစ်လျူရှုထားသည့် စစ်အာဏာရှင်၏လုပ်ရပ်ကို ပို၍ ထင်ဟပ်စေသည်”ဟုလည်း ဖော်ပြထားသည်။
မတရားသဖြင့် ကွပ်မျက်ခံရသူများ၏ ကျန်ရစ်သူမိသားစုများ၊ သူငယ်ချင်းများ၊ မိတ်ဆွေများနှင့်ထပ်တူ ကျွန်ုပ်တို့ လွန်စွာ ဝမ်းနည်း စိတ်မကောင်းဖြစ်မိပြီး မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဆုံးရှုံးသွားသောအသက်များအတွက် ကျွန်ုပ်တို့အနေဖြင့် အစဉ်အမြဲ အောက်မေ့သတိရနေမည်ဖြစ်သည်ဟုလည်း ပူးတွဲထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်းအပြင် “မတရားဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့် မိသားစုဝင်များအား လွတ်လပ်စွာ တွေ့ဆုံခွင့်ပြုရန်၊ အကြမ်းဖက်မှုများကို ထပ်မံကျူးလွန်ခြင်းမပြုဘဲ တွေ့ဆုံညှိနှိုင်းခြင်းမှတစ်ဆင့် ငြိမ်းချမ်းရေးကို ရှာဖွေရန်အတွက် အာဆီယံ သဘောတူညီချက် ငါးရပ်ကို အကောင်ထည်ဖော်ရန်၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီကို လိုလားသော မြန်မာပြည်သူများ၏ဆန္ဒကို ထောက်ခံအားပေးလျက် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရန်၊ ပြည်သူများ၏ ဆန္ဒသဘောထားများကို လေးစားရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာရန် စစ်အာဏာရှင်အား တိုက်တွန်းသည်”ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းတိုက်တွန်းထားသည်။
၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်မင်းယု (ခ) ဂျင်မီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် (ခ) မောင်ကျော်၊ ဦးလှမျိုးအောင် (ခ) ကိုမျိုးနှင့် ဦးအောင်သူရဇော် (ခ) သူရတို့ (၄)ဦးကို သေဒဏ်စီရင်လိုက်ပြီဟု စစ်ကောင်စီက ယမန်နေ့ ဇူလိုင်လ ၂၅ ရက်ထုတ် ၄င်းတို့ပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ကြေညာခဲ့သည်။
၄င်းတို့ (၄) ဦး သေဒဏ်ပေးခံရမှုနှင့်ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/ AA)၊ ရခိုင့်ဦးဆောင်ပါတီ(AFP)၏နှင့် ရခိုင်အမျိုးသားပါတီ(ANP)တို့ကလည်း ယမန်နေ့က သဘောထားထုတ်ပြန်ချက်များကို အသီးသီးထုတ်ပြန်ခဲ့ကြသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ထုတ်ပြန်ချက်အရ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့သူပေါင်း ၁၁၇ ဦးအထိ သေဒဏ်ချမှတ်ခံထားရပြီဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ သေဒဏ်ပေးခြင်းသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄ဝ ကျော်ပျောက်ကွယ်သွားခဲ့ပြီးနောက် ၂ဝ၂၁ ခုနှစ်အတွင်း စစ်အာဏာသိမ်းပြီးနောက်တွင် ပြန်လည်ပြုလုပ်လာခြင်းဖြစ်သည်ဟုလည်း သိရသည်။
ယခုကဲ့သို့သေဒဏ်ပေးခြင်းကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူတို့ကပါ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချလျက်ရှိသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ