အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ကိုတင်ထွန်းအောင်ကို ထောင်၁နှစ်လျော့ပေါ့လိုက်သည့် ပလက်ဝခရိုင် တရားသူကြီး ခြိမ်းခြောက်ခံရပြီးနောက် အဆက်အသွယ်မရပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k

နိရဥ္စရာ၊ ဇူလိုင် ၂၆/၂၀၂၂
နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ထောင် (၃) နှစ်ချမှတ်ခံထားရသည့် ပလက်၀ဒေသခံ ကိုတင်ထွန်းအောင်ကို အယူခံကို ကြားနာပြီး ထောင်၁နှစ် လျော့ပေါ့လိုက်သည့် ပလက်ဝ ခရိုင်တရားသူကြီးသည် စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကိုခံရပြီးနောက် အဆက်အသွယ်မရ ပျောက်ဆုံးနေကြောင်း ၎င်းနှင့်နီးစပ်သောအသိုင်းအဝိုင်းက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
ပလက်ဝခရိုင်တရားသူကြီးမှာ အသက် ၅၀ ဝန်းကျင် ဦးမောင်မောင်သိန်းဖြစ်ပြီး ပလက်ဝ ခရိုင်တရားရုံးသို့ တာဝန်ကျလာသည်မှာ (၁) လဝန်းကျင်လောက်သာ ရှိသေးကာ ပလက်ဝမြို့ တရားရုံးတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
၎င်းတရားသူကြီးသည် ဇူလိုင်လ ၂၀ ရက်နေ့တွင် ပလက်ဝခရိုင်တရားရုံးတွင် အယူခံ တင်သွင်း ထားသော နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် ထောင် (၃) နှစ်ချမှတ်ခံထားရသည့် ကိုတင်ထွန်းအောင်ကို ထောင်(၁) နှစ် ပြစ်ဒဏ် လျော့ပေါ့ခံစားရန် အမိန့်ချမှတ်ခဲ့သည်။ ၎င်းပြင်နောက်ထပ် သက်ငယ် အဓမ္မမှုကျူးလွန်သည်ဟု စွပ်စွဲထောင်ချသူ တစ်ဦးကိုလည်း ပြစ်ဒဏ် လျော့ပေါ့ပေးခဲ့သည်ဟု သိရသည်။
၎င်းနောက် ဇူလိုင်လ ၂၀ ရက်နေ့ ညည့်အချိန် ၁၁ နာရီခန့်တွင် စစ်တပ်မှ အင်အားသုံးလာရောက် စစ်ဆေးကာ ၎င်းအားခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်းနီးစပ်သူများကပြောသည်။
စစ်တပ်ဘက်မှ စစ်ဆေးမေးမြန်းခြိမ်းခြောက်မှုများပြုလုပ်ပြီးသည့် နောက်ပိုင်းတွင် ၎င်းခရိုင် တရားသူကြီး ပျောက်ဆုံးနေခြင်းဖြစ်ကာ စစ်တပ်ဘက်မှ ဖမ်းဆီး ခေါ်ဆောင် သွားခြင်းလား(သို့မဟုတ်) စစ်တပ်ဘက်မှ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သဖြင့် မိမိကိုယ်တိုင် တိမ်းရှောင်နေခြင်းလားကို မသိရှိရသေးဘဲ ဖုန်းအဆက်အသွယ်လည်း မရရှိကြောင်း ၎င်းနှင့်နီးစပ်သူက ပြောသည်။
“ပျောက်နေတာတခုကတော့ စိုးရိမ်စရာ သင်္ကာမကင်းဖြစ်နေပါတယ်။ သူ့ကို စစ်တပ်ဖက်က ဖမ်းသွားတာလား။ ဘာကြောင့် အဆက်အသွယ်မရ ဖြစ်နေတာလည်း မသိရသေးဘူး။ စစ်တပ်ကအဲဒီနေ့က လာဝိုင်းတယ်။ အဲဒီနေ့ကနေ ပျောက်သွားတာ။ အသိလည်းမပေးခဲ့ဘူး၊ ဖုန်း အဆက်အသွယ်လည်းမရတော့ဘူး။ ကျွန်တော်တို့နဲ့ အဆက်အသွယ် ပြတ်နေတဲ့ အတွက် စုံစမ်းနေတာတွေတော့ရှိတယ်”ဟု ပြောသည်။
စစ်ကောင်စီတပ်သားများသည် ကိုတင်ထွန်းအောင်ပြစ်ဒဏ်ကို လျော့ပေါ့သည့် အမိန့်ချမှတ်ခဲ့သောနေ့ ညည့်အချိန်တွင် တရားသူကြီးအား စစ်ဆေး ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ပြီးနောက် ၎င်းနေ့ညဉ့် အချိန်တွင်ပင် ထောင်ချ ခံထားရသူ ပလက်ဝမှကိုတင်ထွန်းအောင်၏ မိသားစုနေအိမ်ကိုလည်း လာရောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးကပြောသည်။
လက်ရှိတွင် ၎င်းတရားသူကြီးအား စစ်တပ်ကလည်း လိုက်ရှာနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးကြောင်း နောက်ထပ် ပလက်ဝဒေသခံတစ်ဦးက ပြောဆိုသည်။
“ သူ့ကို စစ်တွေ၊ မြောက်ဦးဘက်တွေမှာလည်း လိုက်ရှာနေတယ်လို့တော့ အသံကြားတယ်။ ဒါပေမယ့် အတိအကျ ပြောလို့မရဘူး၊ သူတို့ဖမ်းပြီးတော့ လိုက်ရှာဟန်ဆောင်ချင်လည်း ဆောင်နေမှာပေါ့။ အခု ပျောက်တာတော့ သေချာပါတယ်” ဟုပြောသည်။
လက်ရှိတွင် ၎င်းခရိုင်တရားသူကြီး ပျောက်ဆုံးနေသည်မှာ ၅ ရက် ကြာမြင့်နေပြီဖြစ်ကာ သတင်းအစအန တစ်စုံတစ်ရာမကြားရသေးကြောင်း စိုးရိမ်စရာဖြစ်နေသည်ဟု ပလက်ဝဒေသသခံများက ပြောသည်။
နောက်ထပ်ပလက်ဝဒေသခံတစ်ဦးက “ဒီကိစ္စအရတော့ တရားရေးမဏ္ဍိုင်က သူတို့လက်ထဲမှာဆိုတာ ပေါ်သွားပြီလေ။ ဒီလိုမျိုးသဘောဆိုရင် စစ်တပ်နဲ့ ပတ်သက်တဲ့ အမှုတွေကို ယူနီဖောင်းအစိမ်းနဲ့လာပြီး ဆုံးဖြတ်ပေးပေါ့။ သူ့ကိစ္စ ကတော့ ဘာတခုမှလည်း မကြားရသေးဘူး။ အဲဒီနေ့ကတော့ စစ်တပ်က အဲဒီအိမ်ကို ဝင်ပြီးခေါ်တာ၊ စစ်တာတွေလည်းရှိခဲ့တယ်။ တရားရုံးမှာတော့ သူ လုံးဝ မရှိတော့ဘူး အခုက။ ကိုယ့်ဘာသာ ရှောင်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ စစ်တပ်ကဖမ်းသွားတာလည်း ဖြစ်နိုင်တယ်။ အဲဒီ တရားသူကြီး ကတော့ အေးဆေးသမားပါ” ဟုပြောသည်။
လက်ရှိတွင် အဆိုပါ ခရိုင်တရားသူကြီး၏ မိသားစုနှင့် အဆက်အသွယ်ရရှိရန် နိရဉ္စရာသတင်းဌာနမှ ကြိုးစားနေဆဲဖြစ်သည်။
(NN-8)

ဆက်စပ် သတင်းများ