သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ငပလီ သိဒ္ဓိရှင်ပညာရေးဖောင်ဒေးရှင်းရှိ နွမ်းပါးသည့်ကျောင်းသား/သူ ၆၉ ဦးတွင် စာရေးကိရိယာများနှင့် စားဝတ်နေရေးခက်ခဲနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3.7k

နိရဥ္စရာ၊ ဇူလိုင် ၂၆/ ၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ သိဒ္ဓိရှင်ပညာရေးဖောင်ဒေးရှင်းမှ နွမ်းပါးသည့်ကျောင်းသား/သူ ၆၉ ဦးတွင် စာရေးကိရိယာများနှင့် စားဝတ်နေရေးခက်ခဲနေကြသည်ဟု သိရသည်။
အဆိုပါဖောင်ဒေးရှင်းသည် ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက်ရှိ ရတနသိဒ္ဓိကျောင်းတိုက်တွင် နွမ်းပါးပြီး ပညာသင်ကြားရန်အခက်အခဲရှိနေသည့် Grade 8 မှ Grade 11 အထိ ကျောင်းသူ၊ ကျောင်းသား ၆၉ ဦးကို ကျောင်းအိပ်ကျောင်းစားထားကာ အခမဲ့ စာသင်ပေးနေခြင်းဖြစ်သည်။
ယင်းသို့သင်ပေးနေရာတွင် စာသင်ခုံများ၊ ကျောင်းသားများနေထိုင်ရန်အဆောင်များနှင့် စားရေးသောက်ရေးတို့တွင် အခက်အခဲဖြစ်နေသည်ဟု ကျောင်းသားများကို အုပ်ချုပ်နေရသူ ကိုရဲဇော်ဝင်းက နိရဥ္စရာကိုပြောသည်။
“ဒီကျောင်းမှာက ကျူရှင်သဘောမျိုး ဆရာ၊ မတွေနဲ့ ခေါ်သင်ပေးတယ်။ အဲတော့ စာသင်ခုံ၊ ထိုင်ခုံက လိုအပ်မှုရှိတယ်။ ပြီးတော့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်တွေလည်း နည်းနည်းလိုအပ်မှုရှိပါတယ်”ဟု ပြောသည်။
အဆိုပါကျောင်းသူ၊ ကျောင်းသားများအတွက် တစ်နေ့လျှင် စားစရိတ် ဆန်(၁)အိတ်စီကုန်နေကြောင်း သိရသည်။
အဆိုပါဘုန်းကြီးကျောင်းတွင် သိမ်ကျောင်းဆောင်နှင့် ဇရပ်ဆောင် ၂ ဆောင်ရှိပြီး သိမ်ဆောင်၏အပေါ်ထပ်တွင် သံဃာတော်များနေထိုင်ကာ အောက်ထပ်တွင် ကျောင်းသားနေထိုင်လျက်ရှိသည်ဟု သိရသည်။
အလားတူ ဇရပ်ဆောင်၏အပေါ်ထပ်တွင်လည်း သံဃာတော်နေထိုင်ကာ အောက်ထပ်တွင် ကျောင်းသူများကိုထားရသည်ဟု သိရသည်။
အဆိုပါကျောင်းရှိ ကျောင်းသူ၊ ကျောင်းသားများတွင် သံတွဲမြို့နယ်မှ ရွေလှေ၊ ဇီးကုန်း၊ ဒေါ်ပွေးခုံ၊ သံတွဲ၊ ဂျိတ္တော၊ ဇီးဖြူကုန်း၊ မဒေး၊ ဆင်ခေါင်းနှင့် ဆင်ကြပ်စသည့်ကျေးရွာများမှအပြင် တောင်ကုတ်မြို့နယ်မှ ဇီးကွင်း၊ ကမာ၊ ချောင်းသုံးခွ၊ လမူးမော်စသည့်ကျေးရွာများမှ ပါဝင်သည်ဟု သိရသည်။
သူတို့ကို ယင်းကျောင်းမှအောင်မြင်ထားသည့် ဆရာ၊ ဆရာမ ၇ ဦးက အခမဲ့သင်ပေးနေသလို ငပလီမြို့ရှိ ထူးချွန်ဘော်ဒါဆောင်မှ ဆရာ၊ ဆရာမ ၇ ဦးကလည်း ၁ ဦးလျှင် ကျပ် ၁ သိန်းမှ ၁ သိန်းကျော်အထိ အခကြေးငွေရယူကာ ပညာလာသင်ကြားနေသည်ဟု သိရသည်။
သိဒ္ဓိရှင်ပညာရေးဖောင်ဒေးရှင်းကို ဆင်းရဲနွမ်းပါးသည့်ကျောင်းသား၊ ကျောင်းသူများ ပညာဆက်လက်သင်ယူနိုင်စေရန်အတွက်ရည်ရွယ်၍ ၂၀၁၉ နှစ်ကပင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ (NN-13)

ဆက်စပ် သတင်းများ