Preview

အစစ်အဆေးများကြောင့် နယ်မှ ဟင်းသီးဟင်းရွက်များ စစ်တွေသို့မတင်ပို့နိုင်၍ စိုက်ခင်းပိုင်ရှင်များ အရှုံးပေါ်နေ

ဇူလိုင် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :913
ရခိုင် သတင်း

နိရဥ္စရာ၊ ဇူလိုင် ၂၇/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် ယခုနောက်ပိုင်း လမ်းခရီးများ၌ အစစ်အဆေးများလာနေမှုကြောင့် နယ်မှ ဟင်းသီးဟင်းရွက်များကို စစ်တွေသို့မတင်ပို့နိုင်၍ စိုက်ခင်းပိုင်ရှင်များ အရှုံးပေါ်နေသည်ဟု သိ၇သည်။
ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းစသည့်မြို့နယ်များမှ စိုက်ခင်းပိုင်ရှင်များသည် စစ်တွေဈေးကွက်ကို အားထားကာ တင်ပို့ရောင်းချနေရသော်လည်း လက်ရှိတွင် ကားလမ်းနှင့် ရေလမ်းတို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစစ်အဆေးများနေ၍ စစ်တွေသို့မတင်ပို့နိုင်ဖြစ်နေရသည်ဟု စိုက်ခင်းပိုင်ရှင်များက ပြောကြသည်။
ကျောက်တော်မြို့နယ်မှ ပဲနှင့် သခွားစိုက်ခင်းပိုင်ရှင်တစ်ဦးက "ပစ်သံတွေ၊ စစ်ဆေးသံတွေကြားနေရတော့ ကားတွေလည်း မထွက်ကြဘူးပေါ့။ အခုထွက်တဲ့ဟင်းတွေကိုလည်း အဆမတန်ဈေးနဲ့ရောင်းရပါတယ်။ အရင်ကဆို တစ်ပိဿာကို ၇၀၀၊ ၈၀၀၊ ၁၀၀၀ ဈေး၇တယ်။ အခုဆို ၃၀၀ နဲ့ရောင်းနေရပါတယ်။ ကုန်တဲ့အရင်းက ၁၀ သိန်းကျော်၊ ၇လာတာက ၁ သောင်း၊ ၂ သောင်းဆိုတော့ အဆင်မပြေဘူး" ဟု နိရဥ္စရာကိုပြောသည်။
ယင်းသို့ အစစ်အဆေးများကိုစိုးရိမ်၍ စစ်တွေဈေးကွက်အတွင်း တင်မပို့နိုင်သည့်အတွက် ကိုယ့်ဒေသတွင် ရသည့်ဈေးဖြင့် ရောင်းချနေရသည်ဟုလည်း စိုက်ခင်းပိုင်ရှင်များက ပြောသည်။
“ဈေးကွက်က မရှိဖြစ်လာတော့ သီးနှံတွေကြီးထွားလာမှာကိုပဲ ကြောက်နေမိတယ်။ စစ်တွေကိုလည်း မတင်ပို့နိုင်တော့ သီးနှံတွေက ပုံနေတယ်။ ရတဲ့ဈေးနဲ့ ထုတ်နေ၇တယ်။ လုံး၀ကို အဆင်မပြေဘူး”ဟု ပြောသည်။
အထူးသဖြင့် မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသမှ သီးနှံများကို မြောက်ဦးမြို့မှတဆင့် စစ်တွေသို့ ရေကြောင်းဖြင့်တင်ပို့နေရသော်လည်း လက်ရှိတွင် ဒေသတွင်း အဖမ်းအဆီး၊ အစစ်အဆေးများတင်းကျပ်နေမှုကြောင့် တင်ပို့နိုင်မှုနည်းပါးလျက်ရှိသည်ဟု သိ၇သည်။
ယင်းသို့တင်ပို့နိုင်မှုနည်းပါးနေသည့်အတွက် စစ်တွေရှိသီးနှံဈေးကွက်အတွင်း သီးနှံကုန်ရှားပါးနေ၍ သီးနှံများ ဈေးမြင့်တက်လာနေကြောင်း စစ်တွေရှိ အိမ်ရှင်မတစ်ဦးက ပြောသည်။
ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့များတွင် ပြီးခဲ့သည့်ဇွန်လအတွင်းက အဖမ်းအဆီးအစစ်အဆေးများ ပြင်းထန်ခဲ့သည့်အတွက် စစ်တွေအခြေပြုပြေးဆွဲနေသည့် ကားလမ်းနှင့် ရေကြောင်းလမ်းတို့ကို စစ်ကောင်စီက ရက်ပိုင်းမျှ ယာယီပိတ်ထားခဲ့မှုလည်း ရှိခဲ့သည်။ (NN-13)

#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.