English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
တောင်ကုတ်တွင်မွေးဖွားသည့်ဆင်ငယ်အား ဆင်ဖြူဟုတ်/မဟုတ် သစ်တောဌာနက စောင့်ကြည့်လျက်ရှိ
ဇူလိုင် ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :1029
ရခိုင် သတင်း
နိရဥ္စရာ၊ ဇူလိုင် ၂၇/၂၀၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ခူးတိုက်နယ် ကမ်းဒေးအုပ်စု လကျာ်စတိုင်ကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းက မွေးဖွားခဲ့သည့်ဆင်ငယ်အား ဆင်ဖြူဟုတ်/မဟုတ်ကို မြို့နယ်သစ်တောဌာနက စောင့်ကြည့်လျက်ရှိသည်ဟု သိ၇သည်။
အဆိုပါ ဆင်သားပေါက်ငယ်ကို လကျာ်စတိုင်ကျေးရွာ ချောင်းဖျားအထက်ပိုင်းဒေသရှိ ဦးအောင်ရှာ၏ ဆင်ဝိုင်းမှ ဆင်ထိန်းဦးဖိုးတာတီး ထိန်းသော ဆင်မတစ်ကောင်မှ ဇူလိုင်လ ၂၁ ရက်တွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။
အဆိုပါဆင်သားပေါက်ငယ်ကို ဆင်ဝိုင်းအဖွဲ့သားများက သွားရောက်ကြည့်ရှုရာတွင် ဆင်ဖြူတော်အင်္ဂါရပ်နှင့်ကိုက်ညီသည်ဟုဆိုကာ တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနကိုအကြောင်းကြားခဲ့သည့်အတွက် မြို့နယ်သစ်တောဌာနက ထိန်းသိမ်းထားကြောင်း သိ၇သည်။
အချို့ဆင်များသည် မွေးဖွားခါစတွင် ဆင်ဖြူကဲ့သို့အရောင်အဆင်းရှိသော်လည်း ရက်ကြာလာသည်နှင့်အမျှ အရောင်ပြောင်းတတ်သည့်အတွက် ဆင်ဖြူဟုတ်/မဟုတ်ကို မြို့နယ်သစ်တောဦးစီးဌာနက ၉ ရက်ခန့်ကြာစောင့်ကြည့်လျက်ရှိသည်ဟုလည်း သိ၇သည်။
လကျာ်စတိုင်ကျေးရွာသားတစ်ဦးက "ခူးအုပ်စု သစ်တောနယ်မြေက ဆင်စခန်းမှာမွေးတာပါ။ မြို့နယ်သစ်တောကို အကြောင်းကြားလို့ သစ်တောဌာနက ထိန်းသိမ်းထားတယ်"ဟု နိရဥ္စရာကိုပြောသည်။
အဖြူရောင်ရှိသောဆင်တိုင်းသည် ဆင်ဖြူများမဟုတ်ဘဲ ဆင်ဖြူကြန်အင်လက္ခဏာ (၈)ခုနှင့်ပြည့်စုံမှသာ ဆင်ဖြူဟု၍ သတ်မှတ်လေ့ရှိကြကြောင်းလည်း သိ၇သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်သစ်တောဦးစီးဌာနနှင့် ပြည်နယ်သစ်တောဦးစီးဌာနမှတာဝန်ရှိသူများကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါ။
၇ခိုင်ပြည်နယ်တွင် ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလက ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ ဆင်ဖြူအထီး ၁ ကောင်၊ ၂၀၀၂ ခုနှစ် ဧပြီလတွင် မောင်တောမြို့နယ်မှ ဆင်ဖြူမကြီး ၁ ကောင်၊ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင် ဆင်ဖြူမငယ်တစ်ကောင်၊ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လတွင် ဆင်ဖြူအမ ၁ ကောင်၊ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ဆင်ဖြူအမတစ်ကောင်ရရှိခဲ့ဖူးပြီး ယင်းဆင်ဖြူအားလုံးအား ရန်ကုန်ရှိ မင်းဓမ္မတောင် ဆင်ဖြူတော်ဥယျာဉ်နှင့် နေပြည်တော်ရှိ ဆင်ဖြူတော်ရတနာဆောင်တို့တွင် ပြောင်းရွှေ့မွေးစားထားကြောင်း မှတ်တမ်းများအရ သိ၇သည်။ (NN-7)
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.