ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ရခိုင်တွင် ၂ ရက်ကြာကျင်းပခဲ့သည့် မြို့နယ်ပေါင်းစုံ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 5.5k

နိရဥ္စရာ၊ ဇူလိုင် ၂၇/၂၀၂၂
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂ ရက်ကြာကျင်းပခဲ့သည့် မြို့နယ်ပေါင်းစုံ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲသည် ယမန်နေ့က ပြီးစီးသွားပြီဟု သိရသည်။
အဆိုပါပြိုင်ပွဲကို စစ်တွေမြို့၊ ဦးဥတ္တမခန်းမတွင် ဇူလိုင်လ ၂၅ ရက်မှစတင်ကာ ဇူလိုင်လ ၂၆ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်အားကာဦးစီးဌာန ညွန်ကြားရေးမှူး ဦးဝင်းမောင်က “ရခိုင်ပြည်ရဲ့အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ ကာယဗလ၊ ကာယအလှတွေ တိုးတက်စေဖို့အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့လမ်းညွှန်မှုကြောင့် အား/ကာအဖွဲ့ကဦးစီးပြီးကျင်းပရတာဖြစ်ပါတယ်”ဟု နိရဥ္စရာ၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ကာယဗလအလှမောင်များနှင့် အလှမယ်များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ကာယဗလမောင် ၆၀ ကီလိုတန်းတွင် ကျောက်ဖြူမြို့နယ်မှ မောင်စိုးမြင့်က ပထမဆု၊ ကျောက်တော်မြို့နယ်မှ မောင်ကျော်ကျော်ဆန်းက ဒုတိယဆုနှင့် စစ်တွေမြို့နယ်မှ မောင်ဇော်လင်းက တတိယဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့သည်။
အလားတူ ၆၅ ကီလိုတန်းတွင် မြောက်ဦးမြို့နယ်မှ မောင်စိုးမင်းသန့်က ပထမဆု၊ ရသေ့တောင်မြို့နယ်မှ မောင်မြင့်နိုင်က ဒုတိယဆုနှင့် သံတွဲမြို့နယ်မှ မောင်ရဲဇော်ထက်က တတိယဆုရရှိခဲ့သည်။
၇၀ ကီလိုတန်းတွင် စစ်တွေမြို့နယ်မှ မောင်သန့်ဇင်က ပထမ၊ ပေါက်တောမြို့နယ်မှ မောင်ထက်နိုင်လင်းက ဒုတိယနှင့် ပေါက်တောမြို့နယ်မှ မောင်ကျော်ခန့်ဟိန်းက တတိယဆုတို့ကို ရရှိခဲ့သည်။
၇၅ ကီလိုတန်းတွင် စစ်တွေမြို့နယ်မှ မောင်ဇော်လင်းက ပထမ၊ ပုဏ္ဏားကျွန်းမြို့နယ်မှ မောင်ကျော်စံလင်းက ဒုတိယနှင့် ရသေ့တောင်မြို့နယ်မှ မောင်အောင်ဝင်းစိုးက တတိယဆုတို့ကိုရရှိခဲ့သည်။
၇၅ ကီလိုတန်းအထက်တွင် ကျောက်ဖြူမြို့နယ်မှ မောင်သန့်ဆွေက ပထမ၊ မောင်တောမြို့နယ်မှ မောင်ထွန်းဝင်းချေက ဒုတိယနှင့် စစ်တွေမြို့နယ်မှ မောင်ဇော်ဝင်းက တတိယဆုတို့ကို ရရှိခဲ့သည်။
Men Sport Physique ကဏ္ဍတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ မောင်စိုးမိုးလှိုင်က ပထမ၊ စစ်တွေမြို့နယ်မှ မောင်အောင်ကိုနိုင်က ဒုတိယနှင့် ပေါက်တောမြို့နယ်မှ မောင်သန်းစိုးက တတိယဆုတို့ကို ရရှိခဲ့သည်။
၇၅ ကီလိုတန်းအထက် ကာယဗလမောင်ပြိုင်ပွဲတွင် မောင်တောမြို့နယ်ကိုယ်စားပြု ဒုတိယဆုဆွတ်ခူးခဲ့သည့် ကိုထွန်းဝင်းချေက "ပထမဆုံးစပြိုင်တဲ့နှစ်မို့ စိတ်လှုပ်ရှားနေတယ်။ အတွေ့အကြုံအရဖြစ်ဖြစ်။ ဆုတစ်ဆုရရင် ဖြစ်ဖြစ်ပေါ့။ ဆုမရရင်တောင်မှ အတွေ့အကြုံတစ်ခုရရမယ်ဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်တာပါ" ဟု နိရဥ္စရာ၏ မေးမြန်းမှုကိုဖြေကြားခဲ့သည်။
အလားတူ ၅ ပေ ၃ လက်မအောက် မယ်ပြိုင်ပွဲတွင် တောင်ကုတ်မြို့နယ်မှ မခွာညိုလင်းက ပထမ၊ ရသေ့တောင်မြို့နယ်မှ မနှင်းမြတ်စံက ဒုတိယနှင့် ရမ်းဗြဲမြို့နယ်မှ မမိုးမြတ်ဇူလိုင်က တတိယဆုတို့ကို ရရှိခဲ့သည်။
၅ ပေ ၃ လက်မအထက် မယ်ပြိုင်ပွဲတွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်မှ မနှင်းစုလှိုင်က ပထမ၊ စစ်တွေမြို့နယ်မှ မချမ်းမြေ့သူက ဒုတိယနှင့် မြောက်ဦးမြို့နယ်မှ မအေးမြတ်မိုးက တတိယဆုတို့ကိုရရှိခဲ့သည်။
Fitness ကဏ္ဍတွင် စစ်တွေမြို့နယ်မှ မအေးအေးစိုးက ပထမ၊ ဘူးသီးတောင်မြို့နယ်မှ မချစ်ဖြိုးသဇင်က ဒုတိယနှင့် ရမ်းဗြဲမြို့နယ်မှ မမိမိအောင်က တတိယဆုတို့ကိုရရှိခဲ့သည်။
အမ်းမြို့နယ်ကိုယ်စားပြုအလှမယ်ပြိုင်ပွဲဝင် မမိုးမိုးက "ဒီလိုပွဲမျိုးကျင်းပတာကောင်းပါတယ်။ ပြည်နယ်တိုင်းကလူတွေအများကြီးဝင်ရောက်ယှဉ်ပြိုင်လိုက်တော့ လူကောင်းတွေလည်း ထွက်တာပေါ့" ဟု ပြောသည်။
ကာယဗလမောင်ပြိုင်ပွဲအတွက် ပထမဆုမှာ ကျပ် ၁ သိန်းခွဲနှင့် ဆုတံဆိပ်၊ ဒုတိယဆု ကျပ် ၁ သိန်းနှင့် ဆုတံဆိပ်၊ တတိယဆု ကျပ်ငွေ ၇ သောင်းကျပ်နှင့် ဆုတံဆိပ်များကို ချီးမြှင့်ခဲ့သည်ဟု သိရသည်။
ထို့အတူ အလှမယ်ပြိုင်ပွဲအတွက် ပထမဆုမှာ ကျပ်ငွေ ၁ သိန်းခွဲနှင့် ဆုတိပ်ဆံ၊ ဒုတိယဆုမှာကျပ်ငွေ ၁ သိန်းနှင့် ဆုတံဆိပ်၊ တတိယဆုအတွက် ကျပ်ငွေ ၇ သောင်းနှင့် ဆုတံဆိပ်တို့ကို ချီးမြှင့်ခဲ့သည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ