တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ကျောက်ဖြူတွင်ဖမ်းဆီးခံရသည့် လူငယ် ၁၈ ဦးကို ခံဝန်နှင့် စကစမှ ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 1.5k

နိရဥ္စရာ၊ ဇူလိုင် ၂၈/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကုလားဘာတောင်ရပ်ကွက်ရှိ မြကန်သာ ကျူးကျော်လူနေအိမ်များမှ ဇူလိုင် ၂၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၁၈ ဦးကို စစ်ကောင်စီမှ ခံဝန်နှင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ လူငယ် ၁၈ ဦးကို ဇူလိုင် ၂၆ ရက် ည ၁၂ ကျော်အချိန်ခန့်က ကျောက်ဖြူအခြေစိုက် ခမရ (၅၄၂) နှင့် ခလရ (၃၄) တပ်ရင်းက စစ်သားများက ဧည့်စာရင်းဝင်စစ်ရာမှ သံသယရှိ၍ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း သိရသည်။
ကုလားဘာတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်သန်းခိုင်က "ယောကျာ်းလေး ၁၈ ယောက် ဧည့်စာရင်းတိုင်ထားတာမရှိလို့ဖမ်းတာပါ။ မြို့ထက်ကရော၊ နယ်ကလူတွေရောပါတယ်။ အားလုံး ၁၈ ယောက်ပါ။ မနေ့က မနက်က ခံဝန်ကတိနဲ့ သူတို့ကို ပြန်လွှတ်လိုက်ပါပြီ။ ဆက်ဖမ်းထားတာ မရှိပါဘူး"ဟု ပြောသည်။
သူတို့ကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ၎င်းတို့အား ခံဝန်ကတိနှင့် ပြန်လွှတ် ပေးလိုက်ကြောင်း သူက ဆက်ပြောသည်။
ကျောက်ဖြူမြို့ပေါ်နှင့် မြို့နယ်များတွင် AA တိုက်နယ်မှူးများနှင့် တပ်ဖွဲဝင်များ၊ ဆက်စပ် သံသယရှိသူများအား စစ်တပ်က နေအိမ်များကို ဝင်ရောက် ရှာဖွေဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်ရှိနေပြီး ဧည့်စာရင်းအမည်ခံကာ ညအချိန်ဝင်ရောက်စစ်ဆေးမှုများကြောင့် ဒေသခံများနှင့် ခရီးသွားများ အတွက်လည်း ယခင်လောက်လွတ်လပ်မှုမရှိတော့ကြောင်း ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။
" ည ၁၂ နာရီဝန်းကျင်ကဖမ်းသွားတာပါ။ အဓိကကတော့ သူတို့ ဧည့်စာရင်းကို အခြေပြုပြီးလာတာပါ။ အဲ့ဒီနေရာကလည်း ကျူးကျော်နေရာဖြစ်နေတယ်။ အရင်လို ပြည်သူတွေ လွတ်လွတ်လပ်လပ်တော့ နေထိုင်လို့မရတော့ဘူး ပေါ့လေ။ မတော်ရင် အကြောင်းအမျိုးမျိုးနဲ့အဖမ်းခံရနိုင်တဲ့အခြေအနေပါ"ဟု ပြောသည်။
ကျောက်ဖြူခရိုင်၊ စနဲမြို့တွင်လည်း AA က စနဲမြို့စခန်းမှူးအား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဒေသခံ၁၀ ကျော်ဖမ်းဆီးခဲ့ကာ လက်ရှိအချိန်ထိ မလွတ်မြောက်သေးဘဲ အမျိုးသား ၃ ဦးကျန်ရှိနေသေးကြောင်း သိရသည်။(NN-7)

ဆက်စပ် သတင်းများ