နိရဥ္စရာ၊ဇူလိုင်လ ၂၈/ ၂၀၂၂
ရာသီဥတုဖောက်ပြန်မှုနှင့် အတူမိုးခေါင်နေသဖြင့် ယခုနှစ် ၇ခိုင်ပြည်၏ လယ်ယာစိုက်ပျိုးရေးကို အကြီးအကျယ်ထိခိုက်မှုရှိနေကြောင်း လယ်သမားများက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
မိုးတွင်းကာလအတွင်း မိုးများသည့်လဖြစ်သည့် ဝါခေါင်လသို့ရောက်ရှိခဲ့ပြီဖြစ်သော်လည်း တစ်ပတ်တွင် မိုးတစ်ကြိမ်မရွာကြောင်း၊ မိုးရွာ၍ လယ်ကွင်းတွင်တင်ကျန်ခဲ့တဲ့မိုးရေများမှာလည်းနေပူဒဏ်ကြောင့် ရေပူဖြစ်ကာ စပါးမျိုးစေ့များမအောင်ဘဲ သေဆုံးသွားကြောင်း၊ ရေခမ်းသွားသည့် လယ်မြေများတွင်လည်း မြေလွှာများ အက်ကွဲကာ စပါးပင်များသေဆုံးကုန်ကြောင်း မြောက်ဦး မြို့နယ်မှ လယ်သမား တစ်ဦးဖြစ်သူ ဦးဘအေးက နိ၇ဉ္စရာသတင်းဌာနကို ပြောသည်။
" စပါးကြဲရင်လည်းစပါးပင် ပေါက်ပါတယ်။ ဒါပေမဲ့နေပူဒဏ်နဲ့ အဆင်မပြေဘူး။ အားလုံး သေသွားတယ်။ ပုတ်သွားတယ်။မိုးရွာတယ်ဆိုပြီးလယ်ထွန်တယ်။ မရွာတဲ့နေ့က များများဆိုတော့ လယ်ထွန်ထားတာတွေကပျက်ကုန်ရော။ မိုးရွာလာရင် နောက်တခေါက် ထပ်ပြန်ထွန်၇ပါတယ်။ မိုးမရွာတော့စိုက်ထားတဲ့ စပါးတွေက သေကုန်တယ်"ဟုပြောသည်။
“ဝါဆို ဝါခေါင် ရေဖောင်ဖောင်”ဆိုသော်လည်း ယခုနှစ်တွင် “ဝါဆိုဝါခေါင်ရေပြောင်ပြောင်” ဖြစ်နေကြောင်း၊ ယခုလသည် မိုးရွာသည့်အချိန်ဖြစ်နေသော်လည်း မိုးမရွာ၍ ယခုအချိန်ထိလယ်မထွန်၇၊ စပါးမစိုက်၇ ဖြစ်နေသေးသည်ဟုမင်းပြားမြို့နယ်က လယ်သမားတစ်ဦးဖြစ်သူ ကိုဝေသန်းမောင်က ပြောသည်။
" မိုးမရွာလို့လယ်မထွန်၇သေးတော့ အချိန်လည်းလွန်နေပြီ။ ရှုံးဖို့မြတ်ဖို့ထက် ဝမ်းစာစပါးတောင် မရနိုင်ဘူး။ ရခိုင်မှာစိုက်ပျိုးရေးက မိုးအပေါ်မှာ မူတည်နေတော့ ခုလိုမိုးမရွာရင် ဘယ်လိုမှ စပါးစိုက်ပျိုးရေးက မဖြစ်နိုင်ဘူး။ မိုးမရွာဘဲနေပူတော့ စပါးကြဲလိုက်၊ ထွက်လာတဲ့ စပါးက ရေမရ၊ နေပူရှိန်များတော့ အကုန်လုံးသေတယ်" ဟု ၎င်းက ပြောသည်။
ကျောက်တော်မြို့နယ်တွင် လယ်ဧကပေါင်း(၉)သောင်းကျော် ခန့်ရှိသည့်အနက် လယ်ဧက (၃)သောင်းခန့် ကို ထွန်ယက်စိုက်ပျိုးထား၇ပြီးကျန်လယ်ဧက(၆)သောင်းခန့်မှာ မိုးမရွာ၍မထွန်ယက်နိုင်သေးဟု ကျောက်တော်မြို့ကလယ်သမားတစ်ဦးဖြစ်သူ ဦးသန်းဝင်းချေက နိရဥ္စရာ ကိုပြောသည်။
" မိုးကဒီလကုန်လို့ နောက်လတစ်ဝက်လောက်မိုးမရွာဘူးဆိုရင် အပင်တွေကို ပြုပြင်လို့လည်း မ၇တော့ဘူး။ စပါးနှံထွက်ဖို့လည်း မရှိတော့ဘူး။စပါးရိတ်၇ဖို့လည်း အခြေအနေ လုံး၀မရှိတော့ဘူး။စပါးပင် ဖွံ့ဖြိုးတာက မိုးရွာ၊လေတိုက်၊ နေပူမှ ကြီးထွားတာလေ။ အခုက နေကြီးပဲ ပူနေတာဆိုတော့။ လယ်သမားတွေက ဒုက္ခရောက်နေကြသည် " ဟု ၎င်းက ပြောသည်။
ကောက်စိုက်စပါးပင်များကို မြေဆီများထည့်ပေးသော်လည်းမိုးမရွာသောအခါ၊ ရေမပေးနိုင်၍ အပင်များမှာ ကြီးထွားလာခြင်းလည်း မရှိဘဲဖြစ်နေကြောင်း၊ စပါးကလည်းမဖြစ်ထွန်း၊ အရည်အသွေးကလည်းမကောင်း၊ ကောက်စိုက်ထားသည့်စပါးပင်များမှာလည်းရေခမ်းပြီး အသေများလာသည်ဟု ဦးသန်းဝင်းချေက ပြောဆိုသည်။
အလားတူ ကျောက်ဖြူမြို့နယ်တွင်လည်း မိုးရွာသွန်းမှု မရှိလောက်ဖြစ်နေပြီး ရာသီဥတု ဖောက်ပြန်ကာ မိုးခေါင်နေ၍ နေပူရှိန်ကြောင့်မြေကြီးများ အက်ကွဲနေသဖြင့်သီးနှံများဖြစ်ထွန်းဖို့ရန် အခြေအနေ မရှိနိုင်ဟု ကျောက်ဖြူမြို့ကလယ်သမားတစ်ဦးဖြစ်သူဦးသိန်းတန်က နိရဉ္စရာသတင်းဌာကိုပြောသည်။
" မိုးမရွာတာလတစ်ဝက်လောက်တောင်ရှိနေပြီ။ နေကြီးပဲ ပူနေတော့လေ။ ကျွန်တော်တို့ လယ်သမားတွေတော့ အခက်အခဲဖြစ်နေကြပြီ။လယ်လုပ်တာကလည်း လုပ်အားနဲ့ အထွက်အတိုးနဲ့ မျှကြည့်လိုက်မယ်ဆိုရင်တစ်နှစ်မှ မမြတ်ပါဘူး။ အခက်အခဲတွေကအများကြီးပါ။ လယ်ယာ ရှိနေလို့သာလယ်လုပ်နေတာပေါ့။လယ်ယာမလုပ်ရင် မြေယာအသိမ်းခံရမှာစိုးလို့။လယ်လုပ်နေ၇တာ။ အခုတခါ မိုးခေါင်တော့လယ်သမားတွေဘ၀ မတွေးရဲဘူး "ဟု ၎င်းကပြောသည်။
၇သေ့တောင်မြို့နယ်တွင်လည်း လယ်ဧက ၇၅ရာခိုင်နှုန်းလောက် ထွန်ယက်စိုက်ပျိုးထား၇ပြီး၊၂၅ရာခိုင်နှုန်းခန့် ကျန်ရှိ နေသေးကြောင်း၊ မိုးမရွာ၍ ရေအခက်အခဲဖြစ်နေပြီး နောက်ထပ်ဆယ်ရက်ကျော်ခန့် ယခုကဲ့သို့ နေပူဆက်လက်ပူနေမည်ဆိုပါက စိုက်ပျိုးထားသော စပါးပင်များ သေသွားနိုင်ကြောင်း လယ်သမားတစ်ဦးဖြစ်သူ ကိုသိန်းထွန်းအောင်ကပြောသည်။
၇ခိုင်ပြည်က လယ်သမားများ၏လက်ရှိ ရင်ဆိုင်ကြုံတွေ့နေ၇သည့် အခက်အခဲများကို လယ်သမားများ အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးတိုင်ပင်ပြီး အဖြေရှာသင့်သည်ဟု ဒေသခံများက အကြံပြုခြင်းရှိနေသည်ဟု ၎င်းက ပြောဆိုသည်။
တချို့ ရေချိုရရှိနိုင်သော မြစ်နှင့်ချောင်းများမှ ရေများကို ရေစုပ်စက်ကိုအသုံးပြုပြီး လယ်မြေများတွင်ရေဖြည့်သွင်းနိုင်သော်လည်း ဆီဈေးကြီးသဖြင့် လယ်သမားများအနေဖြင့် တစ်ပိုင်တစ်နိုင် ရေတင်ရန်မှာ မတတ်နိုင်ကြဟုဆိုသည်။ ၎င်းအခက်ခဲများကို သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးမှ သာလျှင် အဆင်ပြေနိုင်မည်ဟု မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူဦးဘအေးကဆက်ပြောသည်။
" လယ်သမားတွေကို လယ်ထဲရေသွင်းနိုင်ဖို့ကိုထား။ လယ်ထွန်စက်နဲ့ထွန်တော့ ဒီဇယ်ဆီ အကောင်းစားကိုအသုံးပြု၇တယ်လေ။ မဟုတ်ရင်စက်က ခဏခဏ ပြင်နေ၇တယ်။ ဆီဈေးက (၂၄၀၀)ကျပ် အထက်ပေး၇တယ်။ ဓါတ်မြေဩဇာများကိုလည်း(၁)အိတ်ကို ကျပ်(၁)သိန်းထိဈေးတက်နေတယ်။ ဘယ်လိုမှ မတတ်နိုင်ဘူး "ဟု ၎င်းကပြောသည်။
၇ခိုင်တွင် ယခုနှစ်အတွင်းဘဏ်ချေးငွေမ၇ခြင်းနှင့်အတူ ဓာတ်မြေသြဇာ၊ စက်သုံးဆီနှင့် ထွန်ယက်စိုက်ပျိုးစရိတ်များ အလွန်တရာ မြင့်တက်နေသည့်အတွက်လယ်သမား အများအပြားမှာ လယ်ယာလုပ်ငန်းခွင်ကို စွန့်လွှတ်သွားခဲ့သည်ဟုပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သိ၇သည်။ (NN- 13)